နမ္မတူ၌ ပရဟိတအသင်းသားများနှင့် ဒေသခံများအပါအဝင် ၁၃၀ ကျော် ဖမ်းဆီးခံထားရ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်တွင် ပရဟိတအသင်းသားများနှင့် ဒေသခံများအပါအဝင် စုစုပေါင်းလူဦးရေ ၁၃၀ ကျော်အား ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ စစ် ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့က နမ္မတူမြို့နယ်တွင် မေတ္တာရှင်လူမှုကူညီရေးအသင်း၏ အသင်းခေါင်းဆောင် ကိုချစ်မွှေးနှင့် အသင်းသားများအပါအဝင်၊ ဒေသခံများ စုစုပေါင်း ၁၃၀ ကျော်ကို TNLA လက်နက်ကိုအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ နမ္မတူ မေတ္တာရှင်အသင်းက ကိုချစ်မွှေးကို TNLA ကဆွဲသွားတယ်။ ဇန်နဝါရီ ၅ ရက်နေ့ကပဲ။ အသင်းသားတွေလည်းပါတယ်။ တစ်ရက်ထဲဖမ်းတာတော့မဟုတ်ဘူး။ ပရဟိတလုပ် နေတဲ့သူတွေက အခုလိုတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာမှ မဟုတ်ပါဘူး။ အကုန်လုံးကို ကူညီပေးတဲ့သူတွေပါ။ အယုတ်အလတ်အမြတ်မရွေး ကူညီတဲ့သူတွေ အခုလိုဖမ်းခံရတာကြား တော့ စိတ်ထဲမကောင်းဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ‌ယခုရက်ပိုင်းအတွင်း နမ္မတူမြို့နယ်ရှိ ဒေသခံအချို့ကို TNLA အဖွဲ့မှ စစ်ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်သွားမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

“ သူတို့တွေက ပရဟိတအသင်းသမားတွေသာမဟုတ်ဘူး ဒေသခံတွေလည်းပါတယ်။ ဖမ်းခံရတဲ့အထဲမှာပေါ့။ စုစုပေါင်းဆို ၁၃၀ ကျော်လောက်ရှိတယ်။ တစ်ရက်ထဲမဟုတ်ဘူး။ အရင်ရက်ကတည်းက ဖမ်းနေတာ။ ဒီနေ့ထိ ပြန်မလွှတ်သေးဘူးတော့ ကြားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

TNLA လက်နက်ကိုင်တပ်ဖွဲ့မှ စစ်ဆေးရန်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပရဟိတအသင်းသားများအပါအဝင် ဒေသခံ ၁၃၀ ကျော်မှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

လက်တလောတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာဒေသများ၌ အရပ်သားများ ဖမ်းဆီးခံရမှုနှင့် သတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းစစ်ရှောင် ကူညီသူများထံမှ သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- စီဂျေ

#ယနေ့ခေတ်

နမ္မတူ၌ ပရဟိတအသင်းသားများနှင့် ဒေသခံများအပါအဝင် ၁၃၀ ကျော် ဖမ်းဆီးခံထားရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.