နမ္မတူမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံး

နမ္မတူ၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရိတ်သိမ်းခါနီး မိုးစပါးခင်းများအပါအဝင် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ အဆက်မပြတ်ရွာသွန်းသည့် မိုးဒဏ်ကြောင့်တောင် ကျရေချောင်းရေထိုးဆင်းကာ နမ္မတူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ပြီး မိုင်းရင်းကျေးရွာအပါအဝင် ကျေးရွာပေါင်းခြောက်ရွာတွင် ရိတ်သိမ်းခါနီး မိုးစပါးခင်းများအပါအဝင် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

“မိုးက ရက်ဆက်ရွာတာကြောင့် စပါးတွေက အကုန်လဲကုန်တာ။ ရေကထိုးတက်လာတော့ အပင်ပေါက်တွေ ပုပ်ပွသေကုန်တာ။ ရိတ်ခါနီးစပါးခင်းတွေလည်းပါတယ်။ ပိန်းလုံ၊ ကွန်ကျောင်း၊ မိုင်းရင်း၊ မန်ကန်၊ ကုန်းမုံ၊ အဲ့ဒီရွာတွေမှာ အပျက်အစီးပိုများခဲ့တယ်။ တစ်ဆက်တည်း လယ်ဧက ၅၀၀ ကျော်လောက် ပျက်စီးခဲ့တယ်။” ဟု အထက်ပါ ဒေသခံတောင် သူက ဆက်ပြောသည်။

နမ္မတူမြို့နယ်တွင် ရက်ဆက်မိုးရွာသွန်းသည့် ကာလအတွင်း အောက်တိုဘာ ၁၂ ရက်က နမ္မတူမြို့နယ်၊ နားကျိုင်းကျေးရွာတွင်နေထိုင်သည့် ဒေသခံသုံးဦးသည် ခြံထဲသွားနေစဉ် မြေပြိုမှုကြောင့် ကျောက်တုံးပိကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရ ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၆၀၀ နီးပါး သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး အိမ်ခြေ ၃၀၀ နီးပါး ရေနစ်မြုပ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

နမ္မတူမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.