ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၌ ယမန်နေ့က လေကြောင်းတိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက နမ့်ဆန်မြို့ကို လေကြောင်းတိုက်ခိုက်စဉ် အမျိုးသားတစ်ဦးအား ဗုံးထိမှန်၍ သေဆုံးကာ လွယ်ခမ်းရွာတွင်လည်း လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်တဲ့အချိန် သူက ကားဂိုထောင်ထဲက ကားသွားယူတုန်း ဗုံးထိမှန်ပြီး သေဆုံးသွားတာ။ လွယ်ခမ်းရွာကိုလည်း မနေ့က လေကြောင်းတိုက်ခိုက်တာ ရွာသားနှစ်ဦး သေဆုံးသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့က နမ့်ခမ်းမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်ခံရစဉ် သေဆုံးသွားသူမှာ နမ္မဝေါရပ်ကွက်၊ အောင်သစ္စာ ဓာတ်ဆီရောင်းဝယ်ရေး နေအိမ်မှ အသက် ၃၁ နှစ်အရွယ် ကိုဟိန်း လတ်ဆိုသူဖြစ်ပြီး နောက်ထပ်သေဆုံးသူနှစ်ဦးမှာ လွယ်ခမ်းကျေးရွာတွင်နေထိုင်သည့် ဒေသခံများဟု သိရသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်ခံရ၍ နမ္မဝေါရပ်ကွက်၊ မြို့လည်ရပ်ကွက်တို့ရှိ နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ဒီဇင်ဘာ ၁၁ ရက်တွင် နမ့်ဆန်မြို့ ပေါ်သို့ လေကြောင်းတိုက်ခိုက်ခံရ၍ လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့ တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ တိုက်ပွဲများကြောင့် ယနေ့အထိ ထိုဒေသမှ ဒေသခံ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
နမ့်ဆန်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံသုံးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်