နမ့်ဆန်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး နေအိမ် ၂၅ လုံး မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၌ ယမန်နေ့ညက လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လူနေအိမ် ၂၅လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၉ ရက် (ယမန်နေ့) ည ၁၀ နာရီဝန်းကျင်က နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာရှိ ရပ်ကွက်တစ်ခုကို လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ တိုက်ပွဲမဖြစ်ပဲနဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက နေရာမှာတင် သေဆုံးခဲ့ပြီး၊ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားနှစ်ဦးက အသက် အန္တရာယ်စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်။” ဟု တအောင်းအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ် ၂၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး နောက် အဆိုပါဒေသရှိ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နမ့်ခမ်းမြို့နယ်၌လည်း ယမန်နေ့က လက်နက်ကြီးထိမှန်၍ လူနေအိမ်နှစ်လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ယနေ့အထိ ဒေသခံ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး လူနေ အိမ်ရာချီ၍ ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ဘေးရှောင်များကိုကူညီနေသူများထံမှ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – တအောင်းအမျိုးသမီးအဖွဲ့အစည်း

#ယနေ့ခေတ်

နမ့်ဆန်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး နေအိမ် ၂၅ လုံး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.