ရန်ကုန်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၌ ဒီဇင်ဘာ ၁ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၁ ရက်၊ ည ၉ နာရီကျော်က နမ့်ခမ်းမြို့၊ နောင်မိုရပ်ကွက်၊ နောင်စန့်ရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်တို့သို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကာ နေအိမ်နှစ်လုံးကို ထိမှန်၍ တစ်ဦးသေဆုံးခဲ့ကာ၊ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ လေယာဉ်နဲ့နှစ်ကြိမ်ပစ်ခတ်ခံရတာ။ နေအိမ်တစ်လုံးလည်း ပျက်စီးသွားတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေက အိမ်ထဲရှိနေတုန်း နေအိမ်တွေကို ထိမှန်သွားတာလို့ သိရတယ်။ ဒဏ်ရာရတဲ့သူ ခြောက်ဦးမှာ လေးဦးက ဆယ်ကျော်သက်အရွယ် လူငယ်တွေ။ သူတို့ကို SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)ကနေခေါ် သွားပြီး ဆေးကုပေးနေတယ်လို့ သိရတယ်။ မြေပြင်မှာလည်း တိုက်ပွဲဖြစ်သေးတယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ယနေ့ နံနက်ပိုင်း၌လည်း နမ့်ခမ်းမြို့နယ်နှင့် အနီးတဝိုက်၌ နှစ်ဖက်ပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံများ သေဆုံးဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သတ်၍ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယနေ့ နေ့လည်၌ သတင်းထုတ်ပြန်ထားရာတွင် နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရသဖြင့် လူနေအိမ်ထိမှန်ကာ တစ်ဦးသေဆုံး၍ ချင်းလူမျိုးငါးဦးနှင့် ရှမ်းလူမျိုးတစ်ဦးတို့ ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများကို ဘေးလွတ်ရာနေရာသို့ ရွေ့ပြောင်းထားပြီး ဆေးကုသမှုပေးနေကြောင်း သတင်းထုတ်ပြန်သည်။
ထို့ပြင် TNLA လက်နက်ကိုင်အဖွဲ့ ရပ်ကွက်ထဲသို့ လာရောက်နေထိုင်စဉ် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက ပြောကြားသည်ဟု ရှမ်းပြည်တိုးတက် ရေးပါတီ SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
နမ့်ခမ်းမြို့နယ်နှင့် အနီးတဝိုက်၌ နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကာ အောက်တိုဘာ ၂၇ ရက်မှ ယနေ့အထိ ထိုဒေသတွင် ဒေသခံ ၁၀ ဦးထက်မနည်း ဗုံးဆန်နှင့် ကျည်ထိမှန်သေဆုံးမှုများဖြစ်ခဲ့ကြောင်း ဒေသတွင်းအရပ်ဖက်ကူညီရေးအဖွဲ့များထံမှ သိရသည်။
ထို့အပြင် တိုက်ပွဲကြောင့် ယနေ့အထိ နမ့်ခမ်းဒေသခံ လေးထောင်ထက်မနည်း ဘေးလွတ်ရာနေရာများသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – SSPP info
နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်