နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကျေးရွာတိုက်နယ်ဆေးရုံ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း ယနေ့နံနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ ကျေးရွာတိုက်နယ်ဆေးရုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအောင်း အမျိုးသမီးအဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် တစ်နာရီကျော်က နမ့်ခမ်းမြို့နယ်၊ ဆာလူကျေးရွာနှင့် မန်အောင်ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကာ ဆာလူကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ပျက် စီးမှုများဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဆာလူတိုက်နယ်ဆေးရုံကိုထိမှန်ပြီး အသက် ၂၆ နှစ်အရွယ် ဆေးရုံဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ ခြေထောက်ကို ကျည်စထိမှန်သွားတာပါ။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရ၍ တိုက်နယ်ဆေးရုံ၏ အမိုးအကာ၊ နံရံများ ပျက်စီးခဲ့ပြီး သုံးပေနီးပါးအနက်ရှိသော မြေကျင်းတစ်ခုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ယခုလ ၁ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကာ မြို့ပေါ်တိုက်ပွဲများလည်းဖြစ်ပွားခဲ့၍ ဒေသခံ သုံးသောင်းနီးပါး နေရပ်စွန့်ခွာကာ ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း ဒရုန်းဗုံးများပစ်ချ၍ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပါဝင်ကာ တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှ ယနေ့အထိ နမ့်ခမ်းမြို့ နယ်တွင် ဒေသခံ ၂၀ ဦးထက်မနည်း ကျည်ထိမှန်၍ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူနေအိမ်၊ အဆောက်အဦ ရာချီ၍ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြား သည်။

#မောင်ဇော်

ဓာတ်ပုံ – တအောင်းအမျိုးသမီးအဖွဲ့အစည်း

#ယနေ့ခေတ်

နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကျေးရွာတိုက်နယ်ဆေးရုံ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.