ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရ သည်။
နိုဝင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်က နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် လူနေအိမ်တစ်လုံးကို ထိမှန်၍ မီးလောင်ကျွမ်းရာမှ ဘေးဘက်အိမ်များကိုပါ ကူးစက်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့ လက်နက်ကြီးကျရောက်တာ။ တချို့အိမ်မှာ ဂတ်စ်အိုးတွေ၊ ဆိုင်ကယ်တွေ၊ ဓာတ်ဆီတွေနဲ့ မီးစက်ပါရှိတော့ မီးလောင်တာက ပိုများသွားတာ။ နမ့်ခမ်းမီး သတ်က မီးလာသတ်ပေးပေမဲ့ အိမ်ခြောက်လုံး ပြာကျသွားတယ်။” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောကြားသည်။
မီးလောင်ကျွမ်းသည့်နေအိမ်များမှ အိမ်ရှင်များမှာ စစ်ဘေးတိမ်းရှောင်နေသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ ဖဒဲန်ကျေးရွာနှင့် လွယ်အုန်ကျေးရွာတို့တွင် ဘုန်ကြီးကျောင်းဝင်းနှင့် ကျေးရွာအတွင်းတို့သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း နမ့်ခမ်းမြို့နယ်၌ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုသာမက လက်နက်ကြီးနှင့် လေကြောင်းမှ တိုက်ခိုက်မှုများပါ ပါဝင်ခဲ့ပြီး ယနေ့အထိ ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများပါရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၌ လက်နက်ကြီးနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကိုကြောက်ရွံ့၍ စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံထောင်ချီ၍ရှိကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောကြားသည်။
ဓါတ်ပုံ – တအောင်းအမျိုသမီးအဖွဲ့အစည်း
နမ့်ခမ်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ် ၆ လုံး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်