ရန်ကုန်၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ဖဒဲန်ကျေးရွာနှင့် လွယ်အူန်ကျေးရွာတို့တွင် ယမန်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်(ယမန်နေ့)နံနက်ပိုင်းက ဖဒဲန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ဆွမ်းစားဆောင်သို့ထိမှန်ပြီး သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့၊ နံနက်ပိုင်းက လွယ်အူန်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အများသုံးဇရပ်ကိုထိမှန်၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
“ မနေ့ကတိုက်ပွဲက လက်နက်ကြီးအပြင် လေကြောင်းကတိုက်ခိုက်တာလည်း ပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦး လက်နဲ့ခြေထောက်တွေကို ကျည်စဖောက်ဝင် ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။” ဟု ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
ယမန်နေ့က နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-မန့်ဝိန့်ကြီး ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားအနီးရှိ တပ်စခန်းတစ်ခုကို TNLA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာမှ နမ့်ခမ်းမြို့တွင်း၌ နှစ် ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ လေကြောင်းတိုက်ခိုက်မှုများလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုများကြောင့် မြို့တွင်း၌နေထိုင်သူများ နေအိမ်ထဲတွင် ပုန်းအောင်းနေရကာ အချို့မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ယနေ့နံနက်အထိ နမ့်ခမ်းမြို့နယ်နှင့်အနီးတဝိုက်တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းအနီး နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်နှင့် ၈ နှစ် အရွယ် ကလေးငယ်နှစ်ဦး သေဆုံး၍ အသက် ၄ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ရှမ်း(မြောက်)ဒေသတွင် သေဆုံးသူဒေသခံ ၁၀ ဦးထက်မနည်းရှိလာကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ဦးထက်မနည်းရှိကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းပြုစုချက်များအရ သိရသည်။
ထို စာရင်းအရ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် ဒေသခံများသေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ယနေ့အထိ ဒေသတစ်ခုတစ်လုံးတွင် အများဆုံးဖြစ် ကြောင်း သိရသည်။
ဓါတ်ပုံ – တအောင်းအမျိုသမီးအဖွဲ့အစည်း၊ စီဂျေ
ပုံစာ – ယမန်နေ့က နမ့်ခမ်းတွင် တိုက်ပွဲဖြစ်ပွားစဉ်
နမ့်ခမ်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံနှစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်