နမ့်ခမ်း၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရ၍ လူနေအိမ်များ ပျက်စီးခဲ့ ကြောင်း ဒေသတွင်း စစ်ရှောင်များအားကူညီပေးနေသည့် တအောင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။

ယမန်နေ့က နမ့်ခမ်းမြို့တွင်းနှင့် အနီးတဝိုက် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်ခဲ့၍ စာရေးတန်းရပ်ကွက်ရှိ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ ကာ ကောင်းတပ်ကျေးရွာနှင့် ပန်းစံကျေးရွာတို့တွင် လက်နက်ကြီးကျည်တစ်လုံးစီ ကျရောက်ခဲ့ကြောင်း သိရသည်။

“ စာရေးတန်းက အိမ်သုံးလုံးက မီးလောင်ပျက်စီးသွားတယ်။ ကောင်းတပ်ရွာမှာက မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကျရောက်ခဲ့ပြီး၊ ပန်စံရွာအောက်ဘက်မှာ ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒီနေ့အထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။” ဟု ဒေသတွင်း စစ်ရှောင်များကိုကူညီပေးသူတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၉ ရက်၊ ညနေပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ မန်အိုင်ကျေးရွာ၌ လေကြောင်းတိုက်ခိုက်ခံရ၍ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၉ ရက်က နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်ရှိ နန္ဒဂုဏ်ရည်ပရိယတ္တိစာသင်တိုက်အနီး၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းဆောင်နှင့် သိမ်ကျောင်းပြတင်းပေါက်များ ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နစကမှ ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် နမ့်ခမ်းမြို့ထဲ၌ လုံခြုံရေးပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့်နေရာ၌ ထိတွေ့တိုက်ပွဲ အချို့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားသော နှစ်ဖက်တိုက်ပွဲကြောင့် ယနေ့အထိ နမ့်ခမ်းမြို့တွင်းနှင့် အနီးတဝိုက်တွင် ပြင်းထန်သည့် တိုက်ပွဲ များ မကြာခဏဖြစ်ပွားနေကာ၊ တိုက်ပွဲကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးပြီး၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ လူနေအိမ်နှင့် အဆောက်အဦရာချီ၍ ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသခံသောင်းချီ၍ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – တအောင်းအမျိုးသမီးအဖွဲ့အစည်း

ပုံစာ- ယခုရက်ပိုင်းတိုက်ပွဲများကြောင့် နမ့်ခမ်းမြို့နယ်အတွင်း ပျက်စီးမှုများ အား တွေ့ရစဉ်။

#ယနေ့ခေတ်

နမ့်ခမ်း၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.