ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၌ တစ်လကျော်ကြာတိုက်ပွဲအတွင်း လူနေအိမ်များအပါအဝင် အဆောက်အဦတစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း တအောင်းအမျိုးသမီး အဖွဲ့အစည်းထံမှ သိရသည်။
တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အောက်တိုဘာ ၂၇ ရက်မှ ယမန်နေ့(ဒီဇင်ဘာ ၁၂)ရက်အထိ နမ့်ခမ်းမြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာများမှ လူနေအိမ်များ၊ ဘာသာရေးအဆောက် အဦများ၊ စာသင်ကျောင်းများ၊ ခန်းမများနှင့် ဆေးရုံအဆောက်အဦများ စုစုပေါင်း ၉၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ ဒါက လက်လှမ်းမှီသလောက် ကောက်ထားတဲ့စာရင်းပါ။ တချို့နေရာတွေမှာက ဖုန်းလိုင်းတွေ ပြတ်တောက်နေတော့ စာရင်းကောက်မရတာတွေလည်း ရှိတယ်။ နမ့်ခမ်းမှာတော့ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်နေတုန်းပဲ။ အပျက်အစီးစာရင်းက ထပ်တိုးလာဖို့ပဲရှိတယ်။” ဟု တအောင်းအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့နယ်၌ တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှ ယနေ့ထိ နှစ်ဖက်ပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ် ဖြစ်ပေါ်လျက်ရှိကာ ထိုတိုက်ခိုက်မှုများကြောင့် အဆောက်အအုံများ ဆိုးရွားစွာပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ နှစ်ဖက်စလုံးက အရပ်သားတွေနေတဲ့ နေရာကိုလည်းမရှောင်ပဲ တိုက်ခိုက်တာတွေ၊ နေ့ရော၊ ညပါ မနားတမ်းတိုက်ခိုက်တာတွေကြောင့် တော်တော်ပျက်စီးကုန်တာ။ နမ့်ခမ်းမြို့ ပေါ်မှာတောင် အပျက်အစီးများတာ ရွာဘက်တွေဆို ပိုဆိုးတာပေါ့။ ညပိုင်းဆိုလည်း ပစ်ခတ်ခံရမှာစိုးလို့ ဘယ်သူမှ အိမ်တွေမှာမနေရဲကြဘူး။ ပြန်လည်ထူထောင်နိုင်ဖို့က တော်တော်ခက်ခဲဦးမှာ။” ဟု နမ့်ခမ်းမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထို့အတူ ယမန်နေ့ နေ့လည်ကလည်း နမ့်ခမ်းမြို့နယ်၊ လွယ်လမ်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရ၍ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း၊ ဇရပ်တို့ ထိခိုက်ခဲ့ပြီး၊ လူနေအိမ် ၄ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ တိုက်ပွဲများကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးကာ ဒေသခံရာချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်လျက်ရှိသည့်အပြင် ဒေသခံနှစ်သောင်းထက်မနည်းမှာ ဘေးလွတ်ရာနေရာ များတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့တွင် ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များ စုစုပေါင်းငါးရာထက်မနည်း ပျက်စီးခဲ့ကာ ဒေသခံထောင်ချီ၍ အိုးအိမ်မဲ့အခြေအနေသို့ရောက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – တအောင်းအမျိုးသမီးအဖွဲ့
ပုံစာ – တိုက်ပွဲကြောင့် နမ့်ခမ်းမြို့နယ်အတွင်း ပျက်စီးမှုများအား ယခုရက်ပိုင်း အတွင်း တွေ့ရစဥ်။
နမ့်ခမ်း၌ တစ်လကျော်ကြာ တိုက်ပွဲအတွင်း လူနေအိမ်များအပါအဝင် အဆောက်အဦတစ်ရာနီးပါး ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်