ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၌ ကျားဖြန့်ဟုခေါ်ဆိုသော ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးပြီးနောက် ဖမ်းမိသည့် တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်နိုင်ငံဘက် သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ယမန်နေ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၃ ရက်က တရုတ်-မြန်မာနယ်စပ်၊ နမ့်ခမ်းမြို့နယ်ရှိ SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦတစ်ခုအတွင်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်း လုပ် ကိုင်နေသည့် ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၈၈ ဦး၊ မြန်မာနိုင်ငံသား ၂၈ ဦး၊ စုစုပေါင်း ၁၁၆ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ သူတို့နဲ့အတူ ကွန်ပျူတာ ၁၄၅ လုံး၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ယွမ်ငွေ ၁၉၁၅၀ ယွမ်၊ မီးခံသေတ္တာတစ်လုံးနဲ့ ကားတစ်စီးတို့ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီတရားခံတွေထဲက တရုတ် နိုင်ငံသား ၈၈ ဦးကို နိုဝင်ဘာ ၂၃ ရက်ကတည်းက တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက်ပါတယ်။” ဟု SSPP/SSA မှ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖမ်းဆီးရမိသူများအနက် မြန််မာနိုင်ငံသား ၂၈ ဦးကို အမှုစစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ၎င်းတို့ထိန်းချုပ်နယ် မြေအတွင်း အွန်လိုင်းငွေလိမ်မှုများ လုံးဝမရှိစေရန် တားဆီးနှိမ်နင်းမည်ဟု SSPP/SSA မှ ထုတ်ပြန်ထားသည်။
မြန်မာနယ်စပ်တွင်နေထိုင်၍ တရုတ်နိုင်ငံသားများအား ပစ်မှတ်ထားကာ အွန်လိုင်းတွင် ငွေကြေးလိမ်လည်မှု လုပ်ဆောင်နေသူများအား ဖမ်းဆီးပေးရန် တရုတ်အစိုးရမှ ဖိအားပေး မှုများရှိ၍ ယခုလအတွင်း မြန်မာဘက်မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် လိမ်လည်သူများကို ရှာဖွေဖမ်းစီး၍ တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးအပ်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူ၊ ငွေကြေးလိမ်လည်နေသူ တရုတ်နိုင်ငံသား အမျိုးသား ၈၃၁၂ ဦး၊ အမျိုးသမီး ၈၈၂ ဦး စုစုပေါင်း ၉၁၉၄ ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယမန်နေ့က နစကမှ သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – SSPP Info
နမ့်ခမ်း၌ဖမ်းမိသည့် ငွေလိမ်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း SSPP ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်