ရန်ကုန်၊ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ဒီဇင်ဘာ ၆ ရက်၊ ညက နေအိမ်ပေါ် သို့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှု့ကြောင့် မိသားစုငါးဦး နေရာတွေသေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်အုပ်စု၊ ဟိုရွာ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျကာ မိသားစုဝင်ငါးဦး နေရာတွင်သေဆုံးပြီး ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အ ရ သိရသည်။
“မနေ့ညက ၁၁ နာရီကျော်လောက်က ဖြစ်ဖို့များတယ်။ မိသားစု ငါးယောက်တော့ သေဆုံးသွားတယ်။ တစ်ဦးတော့ ကျန်ခဲ့တယ်။ မိန်းကလေးပဲ ဒဏ်ရာတော့ပြင်းတယ်။ အိမ်က တော့ အကုန်လုံးပျက်စီးသွားတာ။ တခြားအိမ်တွေလဲ ထိခိုက်တာပါတယ်။ ကလေးမလေးကိုတော့ ရွှေလီဆေးရုံကိုပိုခဲ့တယ်။” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ အသင်းဝင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရရှိသူ ကလေးကို ဒေသခံလူမှုကူညီရေးအသင်းမှ တရုတ်ပြည်၊ ရွှေလီမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်၊ ညကလည်း နမ့်ခမ်းမြို့၊ နောင်မိုရပ်ကွက်၊ နောင်စန့်ရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်များ လေကြောင်းတိုက်ခိုက်ခံရကာ နေအိမ်နှစ်လုံးကိုထိမှန်၍ တစ်ဦး သေဆုံးခဲ့ပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၌ နိုဝင်ဘာ ၂၀ ရက်ညက လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လူနေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများအရှိန်မြင့်လာသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးအရှေ့ပိုင်း၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် ကလေးငယ်များအပါအဝင် အရပ်သား ၂၈၄ ဦးသေဆုံးခဲ့ပြီး၊ ၃၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လက်ဖက်ညွှန့်လူမှုကူညီရေးအသင်း
နမ့်ခမ်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျပေါက်ကွဲ မိသားစုငါးဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်