နမ့်ခမ်းမြို့တွင် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျ ဈေးဆိုင်နှင့်နေအိမ်များ ပိတ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၌ နှစ်ဖက်တိုက်ပွဲကြောင့် စျေးဆိုင်များ၊ နေအိမ်များ ပိတ်ထားလျက်ရှိပြီး လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင် နမ့်ခမ်းမြို့ရှိ နေရာအများအပြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်၍ စျေးဆိုင်များ၊ လူနေအိမ်များ ပိတ်ထားကာ လမ်းပေါ် သွားလာသူပင် မရှိ သလောက်နည်းပါးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ကိစ္စရှိမှ အပြင်ထွက်ကြတယ်။ အုန်း၊ ဒိုင်းဆို လူတွေထွက်ပြေးလိုက်ကြ၊ အိမ်ထဲတွေမှာ ပုန်းနေလိုက်ကြပဲ နေရတယ်။ တချို့တော့ ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးကြ တာပဲ။” ဟု နမ့်ခမ်းမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နမ့်ခမ်းမြို့တွင် စျေးဆိုင်အများစုလည်း ပိတ်သိမ်ထား၍ ကုန်စည်များ ဝယ်ယူ၍မရသည့် အခက်အခဲများရှိနေပြီး စျေးနှုန်းများ မြှင့်တက်လျက်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြော သည်။

“ ဒီမနက်အထိ ပစ်ခတ်တာတွေတော့ရှိတယ်။ နမ့်ခမ်းကို ဘယ်လမ်းကမှ ဝင်မရလို့ စျေးတွေလည်း တက်ကုန်တယ်။ စက်သုံးဆီလည်း ဝယ်လို့မရဘူး။” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ဆက်လက်ပြောကြားသည်။

ယမန်နေ့က မြို့နှင့်နီးစပ်သည့် နေရာများသို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ ရောက်ရှိလာပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း မြို့ခံများက ပြောသည်။

ပစ်ခတ်မှုများကြောင့် ယမန်နေ့ညပိုင်းက နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ လူထိခိုက်မှုတော့ မရှိဘူး။ အိမ်ခေါင်မိုး၊ အကာနဲ့ ပြတင်းပေါက်တွေကတော့ ပျက်စီးသွားတယ်။ အိမ်တစ်အိမ်က အုတ်တံတိုင်းပြိုကျသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်တွင် နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကျေးရွာ၌ လူနေ အိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နှင့် အနီးတဝိုက်၌ ယနေ့နံနက်တွင် နှစ်ဖက်ကိုင်အဖွဲ့များ ရောက်ရှိနေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

#မောင်ဇော်

ဓာတ်ပုံ – တအောင်းအမျိုးသမီးအဖွဲ့

ပုံစာ – ယမန်နေ့က နမ့်ခမ်းမြို့တွင်းအားတွေ့ရစဉ်။ ယမန်နေ့ညက လူနေအိမ် ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ်

#ယနေ့ခေတ်

နမ့်ခမ်းမြို့တွင် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျ ဈေးဆိုင်နှင့်နေအိမ်များ ပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.