ဘန်ကော်၊ ဧပြီ ၈
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က နစကအစိုးရသည် ယခင်လောက် အင်အားတောင့်တင်းမှုမရှိတော့ကြောင်း၊ လက်ရှိအချိန်သည် နစကနှင့် ပွင့်လင်းစွာဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ်က ၎င်းတို့သည် မြန်မာအရေးနှင့်ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့တွင် အစိုးရအဖွဲ့ဝန်ကြီးများ၊ စစ်ဘက်နှင့် လုံခြုံရေးအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ ထိုင်းအစိုးရအဖွဲ့မှာပါဝင်နေတဲ့ အဓိကပုဂ္ဂိုလ်ငါးဦး ဒါမှမဟုတ် ခြောက်ဦးလောက်နဲ့ တွေ့ဆုံဆွေးနွေးမယ်။ တွေ့ဆုံဆွေးနွေးပြီးရင် သတင်းထုတ်ပြန်မယ်။” ဟု ပြောသည်။
နစကသည် လက်ရှိအချိန်တွင် ကြီးမားသော စိန်ခေါ်မှုများဖြင့်ရင်ဆိုင်နေရပြီး အင်အားတောင့်တင်းမှုလျော့နည်းနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က “ နစကအဖွဲ့ဟာ အင်အားတောင့်တင်းမှုတွေ တဖြည်းဖြည်းဆုံးရှုံးလာနေတယ်။ မြန်မာအစိုးရဟာ အင်အားနည်းနေတယ်ဆိုရင်တောင် အာဏာရှိနေဆဲဖြစ်တယ်။ မြန်မာအစိုးရမှာ လက်နက်တွေရှိနေဆဲဖြစ်တယ်။ လက်ရှိအချိန်မှာ နစကနဲ့ဆွေးနွေးရမယ့်အချိန်ဖြစ်ပြီး စာချုပ်ချုပ်ဆိုနိုင်အောင်လုပ်ဆောင်ရမယ်။” ဟုပြောသည်။
ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအတွက် အဓိကအရေးကြီးသောနိုင်ငံဖြစ်ကြောင်း၊ ၎င်းနှင့်ထိုင်းအစိုးရတာဝန်ရှိသူများသည် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့စည်းများအပြင် တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများနှင့်လည်း စေ့စပ်ဆွေးနွေးခဲ့ကြောင်း ပြောသည်။
ပြီးခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံနယ်စပ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့များက မြဝတီမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သ တင်းများထွက်ပေါ်နေခဲ့သည်။
ကောင်းထက်ငွေ
straitstimes.com/asia
နစကနှင့် ပွင့်လင်းစွာဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်