ဓာတ်အားစနစ်၏ လိုအပ်ချက်အရ တစ်နေ့လျှင် ၁၂ နာရီ တရားဝင်မီးပျက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဓာတ်အားစနစ်၏ လိုအပ်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်၍ Group A and B ဟူ၍သတ်မှတ်ထားသည့် ဓာတ်အားပေးစနစ်တွင် ယခင်တစ်နေ့ ၈ နာရီ တရားဝင်မီးပျက်ချိန်ကို ယခုအခါ နောက်ထပ် ၄ နာရီထပ်တိုးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်သည်။

ယနေ့မှစတင်၍ Group A and B နှစ်ခုတွင် မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ကို ဓာတ်အားပိတ်မည်ဖြစ်ပြီး မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group. B ကိုဓာတ်အားပိတ်မည်ဖြစ်ကြောင်း၊ နေ့လည် ၁ နာရီမှ ည နေ ၅ နာရီအထိ Group A ကို ဓာတ်အားပိတ်မည်ဖြစ်ပြီး၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကို ဓာတ်အားပိတ်မည်ဖြစ် သည်။ ထို့ပြင် ည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ကို ဓာတ်အားပိတ်မည်ဖြစ်ပြီး၊ မနက် ၁ နာရီမှ မနက် ၅ နာရီအထိအား Group A နှင့် B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်း သိရသည်။

“ မီးက မဟုတ်လည်းပျက်နေတာပါပဲ။ အရင်က လျှပ်စစ်မီးအားကိုးပြီး ချက်နေရတာ။ အခုတော့ မီးကမှန်းလို့မရဘူး။ မီးသွေးမီးဖိုနဲ့ချက်ပြုတ်နေရတယ်။ မီးသွေးတွေတောင် ဈေး တတ်ကုန်ပြီ။” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် စက်မှုဇုန်များအား Group A နှင့် B ခွဲ၍ လျှပ်စစ်မီးပေးခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Group A ကို မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ဓာတ်အားပေးထားပြီး၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်နေ့လုံးဓာတ်အားရရှိမည်မဟုတ်ကြောင်း ကြေညာထားသည်။

“ မီးဖြတ်မယ်ဆိုတော့လည်း မတတ်နိုင်ဘူး။ ဖြတ်ပေါ့။ လုပ်ငန်းကလည်း အဲဒီနေ့ရပ်ထားလို့မှမရတာ။ ဆက် Run ရမှာပေါ့။ လျှပ်စစ်မီးအခက်အခဲကြောင့် အဆင်မပြေတာတွေအများကြီးပဲရှိတယ်။” ဟု စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သတင်း/ဓာတ်ပုံ – စုစု

ယနေ့ခေတ်

ဓာတ်အားစနစ်၏ လိုအပ်ချက်အရ တစ်နေ့လျှင် ၁၂ နာရီ တရားဝင်မီးပျက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.