ရန်ကုန်၊ အောက်တိုဘာ ၁
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့၌ ယမန်နေ့ညက အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူနှစ်ဦး စက်လှေဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။
ယမန်နေ့ ည ၉နာရီက ဒေးဒရဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းအတိုင်း ဆိုင်ကယ်စီးကာ နေအိမ်သို့ပြန်လာသည့် အမျိုးသားတစ်ဦးအား လမ်းမတော်လမ်းနှင့် စကားဝါ လမ်းထောင့်၊ ဒေါ်ဝင်းစိန် စက်လှေဆိပ်အနီး၌ ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ကမ်းနားတွင်အသင့်ရပ်ထားသော စက်လှေတစ် စီးပေါ် တက်၍ မြစ်ကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
“ သေနတ်နဲ့ ၇ ချက်လောက်ပစ်ပြီး ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ တိုးမြစ်ကမ်းနားမှာ အသင့်ရပ်ထားတဲ့ စက်လှေပေါ်တက်ပြီး မောင်းနှင်ထွက်ပြေးသွားတာ။ ဖမ်းမမိလိုက်ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရားလမ်းတွင်နေထိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးကျော်စိုးဖြစ်ကာ ၎င်း၏ဝမ်းဗိုက်၊ လက်နှင့် ခြေထောက်တို့တွင် ကျည် ၇ ချက်ခန့် ထိမှန်ဒဏ်ရာရ၍ ဒေးဒရဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာအနီးမှ ကျည်ခွံ ၇ ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် ပစ်ခတ်သတ်ဖြတ်မှု အနည်းငယ်သာ ဖြစ်ပွားလေ့ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိပါက အမှုဖြစ်စဉ်အပေါ် မူတည်၍ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်တတ်ကြောင်း ဒေသခံများက ပြောသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ဒေးဒရဲ၌ အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့သူနှစ်ဦး စက်လှေဖြင့်ထွက်ပြေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်