ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းခွင့်ပြု

ရန်ကုန်၊ ဩဂုတ် ၁

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အမိန့်ချမှတ်ထားသည့် ပြစ်ဒဏ်အချို့အား လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့နေ့လည်တွင် နစကမှ နိုင်ငံပိုင်မီဒီယာတွင် ကြေညာသည်။

နစကဥက္ကဌသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာတရားရုံးများက ချမှတ်ထားသည့် ပြစ်ဒဏ်များအနက် ရာဇဝတ်ကြီးအမှုအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁ ၊ ၇၁/၂၀၂၁ ၊ ၃၈/၂၀၂၁ နှင့် ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များအား လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ကြေညာသည်။

ထို့ပြင် နစကဥက္ကဌသည် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာတရားရုံးများက ချမှတ်ထားသည့် ပြစ်ဒဏ်များအနက် ရာဇဝတ်ကြီးအမှုအမှတ် ၃၅/၂၀၂၁ နှင့် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှု ထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များအား လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာသည်။

အဆိုပါအမှုများသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝဘေးစီမံမှု ဥပဒေတို့ဖြင့် အရေးယူခံရသည့် အမှုများဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

“ပြစ်ဒဏ်လျော့တဲ့နေရာမှာ သူ့ (ဒေါ်အောင်ဆန်းစုကြည်)ကိုတရားစွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေထဲက ၅၀၅ နဲ့ တရားစွဲဆိုထားတာရှိတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုတာတစ်ခု၊ ပြီးတော့ သဘာဝဘေးစီမံနဲ့ ၂၅ နဲ့တရားစွဲဆိုထားတာတစ်ခုရှိတယ်။ ပြီးရင်နောက်တစ်ခု ဆက်သွယ်ရေးနဲ့တရားစွဲဆိုထားတာရှိတယ်။ ပြီးရင် ပို့ကုန်သွင်း ကုန်နဲ့တရားစွဲဆိုထားတာရှိတယ်။ ခြောက်နှစ်ပြစ်ဒဏ်လျော့ပေါ့ရှိပါတယ်။ သမ္မတဟောင်းဦးဝင်းမြင့်ကတော့ ပြစ်ဒဏ်လျော့လေးနှစ်ရှိလိမ့်မယ်။ သဘာဝဘေးစီမံတစ်ခုရှိတယ်။ ၅၀၅ (ခ)က နှစ်နှစ်ရှိတယ်။ ပြစ်ဒဏ်လေးနှစ်လျော့ဖို့ရှိပါတယ်” ဟု နစကပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာအချို့ကို ဖြေကြားထားသည်။

ဝါဆိုလပြည့်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချခံထားရသော အကျဉ်းသား၊ အကျဉ်းသူများအနက် ပြစ်ဒဏ်လျော့ပေါ့သင့်သူများကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက် ပြောင်းလဲကျခံစေကြောင်း၊ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုကြောင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့မှ ဖမ်းဆီးထားသူအချို့အား လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် ကြားနာဆဲအမှုများအား ပိတ်သိမ်းကြောင်း ၊ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော်အား လွတ် ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးကြောင်းတို့ကို နိုင်ငံပိုင်မီဒီယာတွင် ကြေညာခဲ့သည်။

မောင်ဇော်

Photo – Google

#ယနေ့ခေတ်

#ဒေါ်အောင်ဆန်းစုကြည်#ဦးဝင်းမြင့်#လွတ်ငြိမ်း#Hightlight

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.