ရန်ကုန်၊ အောက်တိုဘာ ၂၅
နေပြည်တော်၌ အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ဝင်စာတွေ့ခွင့်ရရန် ရှေ့နေအဖွဲ့က စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနထံ စာတင်ထားသည်မှာ ငါးကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း တရားဝင်စာ တစ်ကြိမ်တင်ပြ၍ တွေ့ခွင့်တောင်းခံခဲ့ကြောင်း၊ သို့ရာတွင် တွေ့ခွင့်မရခဲ့ကြောင်း၊ ယခုသီတင်းအပတ်အတွင်း စာတင်ပြကာ ထပ်မံ၍ တွေ့ ခွင့်တောင်းဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူများ၏ပြောကြားချက်ကို ကိုးကား၍ ပြည်ပအခြေစိုက် သတင်းဌာနအချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀၂၀ ခုနှစ်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွါးချိန်မှစ၍ အကျဉ်းထောင်များတွင် အကျဉ်းသားများအား ဧည့်တွေ့ခွင့် ပိတ်ထားရာမှ အောက်တိုဘာ ၂၄ ရက်မှစ၍ ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ဧည့်တွေ့ခွင့် ပြန်လည်ခွင့်ပြုမည်ဟု နစက၏ အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်အသီးသီးတွင် ကြေညာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နေပြည်တော်ထောင်ရှိ သီးသန့်နေရာတွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တရားဝင်တွေ့ဆုံခွင့်ရရန် ၎င်း၏ရှေ့နေအဖွဲ့က စီစဉ်နေခြင်းဟု ထွက်ပေါ် နေသော သတင်းများအရ သိရသည်။
ထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူများအား တွေ့ဆုံခွင့်ရရန် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံစာမူရင်း၊ ရဲစခန်းထောက်ခံစာမူရင်း၊ ကိုဗစ်ဆေးနှစ်ကြိမ် ထိုးထားပြီးကြောင်း အထောက်အထားစာရွက်တို့ ပြသရမည်ဖြစ်ကာ တစ်နေ့လျှင် လူဦး ရေ ၁၀၀ စာကို တစ်ကြိမ်လျှင် ၂၅ ဦးစီဖြင့် တစ်ရက်လျှင် လေးသုတ်ခွဲ၍ ခွင့်ပြုမည်ဟု သိရသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ဝင်စာတွေဆုံခွင့်ပေး၊ မပေးကိုမူ ယနေ့အထိ မည်သူမျှတိတိကျကျ မသိရကြောင်း၊ ညွှန်ကြားချက်လည်း မရှိသေးကြောင်း အကျဉ်း ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်ရှိ သီးသန့်တရားရုံ၌ အမှုရင်ဆိုင်ရစဉ် ၂၀၂၁ ခုနှစ်အတွင်းက ၎င်းရှေ့နေအဖွဲ့နှင့် တရားခွင်၌ တွေ့ဆုံခွင့်ရရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း မှစ၍ ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်မရတော့ကြောင်း သတင်းများအရ သိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက NLD ပါတီမှ ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေဆုံပြီးနောက် ပါတီအခြေအနေများကို ပြောပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မည်သည့်မှတ်ချက်မျှ ပြန်မပေးခဲ့ကြောင်း ဒေါ်စန္ဒာမင်းက သတင်းဌာနအချို့သို့ အတည်ပြုပြောကြားထားသည်။
ယခုနှစ် မတ်လအတွင်းကလည်း NLD ပါတီအား ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာခြင်းမပြုခင် ရက်ပိုင်းအလိုက NLD ပါတီဝင်အချို့အား ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံရန် နစကမှ စီစဉ်ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ကြောင်း သတင်းများအရ သိရသည်။
ထို့ပြင် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း၏ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်၌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တစ်နာရီခွဲနီးပါးကြာ နှစ်ဦးတည်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများသို့ အတည်ပြုပြောကြားခဲ့ သည်။
ထိုသို့ တွေ့ဆုံခဲ့မှုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ပမှ အဆင့်မြင့်သံတမန်တစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရ ခြင်းဟုလည်း သတင်းများအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်,နှစ်ကျော်ကာလအတွင်း တရားစွဲဆိုခံရသည့်အမှုပေါင်း ၁၉ မှုအား ရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရကာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်က အမှု ၅ မှုအတွက် ၆ နှစ်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ကျခံနေရခြင်းဖြစ်သည်။
မောင်ဇော်
ဓာတ်ပုံ – အင်တာနက်
ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ဝင်စာတွေ့ခွင့်ရရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်