ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ပြည်တွင်းရှိ နိုင်ငံခြားငွေကြေးလဲလှယ်ရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ ရက်ပိုင်းအတွင်း အတက်အကျများဖြင့် စျေးနှုန်းမတည်မငြိမ်ဖြစ်နေကြောင်း ရန်ကုန်မြို့၌ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ စျေးနှုန်းတရိပ်ရိပ်မြင့်တက်လျက်ရှိပြီး မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။
” ၂၀ ရက်ကျော်ထဲက ငွေလဲနှုန်း တဖြည်းဖြည်းတက်လာတာ။ ၂၃ ရက်က ၃၆၀၀ ကျပ်အထိရောက်လာပြီး၊ မနေ့က ၃၆၅၀ ကျပ်အထိရောက်လာတယ်။ ဒီနေ့တော့ နည်းနည်းပြန်ကျလာပြီး၊ နေ့လည်စျေးက ၃၆၃၀ ကျပ်ပါ။” ဟု ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်းမှာ ယခင်လများက တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်မှ ၃၄၀၀ ကျပ်ဝန်းကျင်သာရှိရာမှ ယခုလမှစ၍ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်အထိ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ယခုရက်ပိုင်းတွင် ထပ်မံ၍စျေးမြင့်တက်လျက်ရှိကာ စျေးနှုန်းမတည်မငြိမ်ဖြစ်နေခြင်းဟု သိရသည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေသော်လည်း အခြားငွေကြေးလဲလှယ်နှုန်းများမှာ အတက်အကျမရှိဘဲ စျေးတည်ငြိမ်နေကြောင်း သိရ သည်။
ထိုသို့ ဒေါ်လာငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေမှုကြောင့် ရွှေစျေးနှုန်းများလည်း လှုပ်ခတ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရွှေစျေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း ၃၉ သိန်း ၅သောင်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အနည်းငယ်ပြန်လည်ကျဆင်းလာကာ ယနေ့နေ့လည်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်း ၈ သောင်းဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရွှေစျေးနှုန်းလှုပ်ခတ်နေ၍ ယခုရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများကို ရပ်နားထားကြောင်း သိရသည်။
ဒေါ်လာငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေသည့် ကိစ္စနှင့်ပတ်သတ်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာတွင် ကျပ်နှစ်သောင်းတန်ထွက်မည်ဟု ကောလာဟလများဖန်တီးပြီး ငွေရေးကြေးရေးစျေးကွက်နှင့် ဘဏ်ကိစ္စများအား မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီးဆောင်ရွက်နေခြင်းဟု ပြောကြားထားသည်။
ထိုသို့ ဒေါ်လာငွေလဲလှယ်နှုန်းများ မတည်မငြိမ်ဖြစ်နေမှုကြောင့် စျေးကွက်အတွင်းရှိ ပြည်ပမှတင်သွင်းသော ကုန်စည်အချို့ စျေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ဒေါ်လာလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်