ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း တရုတ်ဆန့်ကျင့်ရေးများလုပ်ကိုင်ရန် စီအိုင်အေကိုညွှန်ကြားခဲ့ ဟုဆို

ဝါရှင်တန်၊ မတ် ၁၇

ဒေါ်နယ်ထရမ့်သည် ၎င်းအမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်က အမေရိကန် ပြည်ပထောက်လှမ်းရေးအဖွဲ့ စီအိုင်အေကို တရုတ်ဆန့်ကျင့်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် စီအိုင်အေအဖွဲ့ကို လျိုဝှက်ညွှန်းကြားခဲ့ခြင်းဖြစ်ပြီး၊ တရုတ်အစိုးရဆန့်ကျင့်ရေးလုပ်ငန်းအပြင် တရုတ်ခေါင်းဆောင်များကို ပြည်သူများဆန့်ကျင့်လာစေရေးလုပ်ကိုင်ရန် လျိုဝှက်ညွှန်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီအိုင်အေအဖွဲ့သည် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့်ပတ်သက်ပြီး မကောင်းသောအကြောင်းအရာများကို အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့အောင်လုပ်ဆောင်ခဲ့သလို၊ နိုင်ငံခြားသတင်းဌာနများကို ရှီကျင့်ဖျင့်နှင့်ပတ်သက်ပြီး မကောင်းသောအကြောင်းအရာများ၊ လျိုဝှက်ချက်များ ဖြန့်ဝေပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စီအိုင်အေအဖွဲ့က တရုတ်အာဏာရ ကွန်မြူနစ်ပါတီသည် ၎င်းတို့ငွေကြေးများကို ပြည်ပနိုင်ငံများတွင်လျိုဝှက်ထားကြောင်း စွပ်စွဲပြောဆို ဖော်ပြခဲ့ခြင်းများရှိခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရတာဝန်ရှိသူ လူဟောင်းတစ်ဦးက ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း တရုတ်နိုင်ငံရှိ ထိပ်သီးခေါင်းဆောင်များကြား သဘောထားအမြင် ကွဲလွဲစေရန် ဖန်တီးမှုများရှိခဲ့ကြောင်း ပြောသည်။

သို့သော်လည်း စီအိုင်အေက ရိုက်တာသတင်းဌာန၏ ဖော်ပြချက်များနှင့်ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပြိုင်ဆိုင်မှုများသည် ပြီးခဲ့သောနှစ်များအတွင်း မြင့်တက်လာခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ နှစ်နိုင်ငံကြား အငြင်းပွားမှုများဖြစ်နေပြီး အပြန် အလှန်ဝေဖန်ပြစ်တင်မှုများရှိနေသည်။

ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း တရုတ်နိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့မှုများလည်း ချမှတ်ခဲ့ဖူးကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လက်ရှိအချိန်တွင် စီးပွားရေးပြိုင်ဆိုင်မှုများ၊ သြဇာလွမ်းမိုးရေး ပြိုင်ဆိုင်မှုများအပြင် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

globalvillagespace.com

ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း တရုတ်ဆန့်ကျင့်ရေးများလုပ်ကိုင်ရန် စီအိုင်အေကိုညွှန်ကြားခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.