ကွာလာလမ်ပူ၊ ဧပြီ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်အသစ်ကြောင့် မလေးရှားသည် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရလိမ့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားသည်။
“အခုလောလောဆယ်တော့ မလေးရှားမှာ စီးပွားရေးကျဆင်းမှာကို အစိုးရက ကြိုမတွေးထားဘူးလို့ အာမခံပါရစေ” ဟု အန်ဝါက အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအသစ်များနှင့်ပတ်သက်ပြီး တနင်္ဂနွေ(ဧပြီ ၆ ရက်) က ၎င်း၏လူမှုကွန်ရက်တွင် ကိုးမိနစ်ကြာပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်နိုင်ငံ၏ မကြာသေးမီကထုတ်ပြန်ခဲ့သည့် အခွန်စည်းကြပ်မှုအသစ်သည် လက်ရှိကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဧပြီလ ၅ ရက်မှစတင်၍ အမေရိကန်သို့ တင်ပို့ရောင်းချသည့် မလေးရှားကုန်ပစ္စည်းတိုင်းသည် အနည်းဆုံးအကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် ဧပြီလ ၉ ရက်နေ့မှစပြီး ကုန်ပစ္စည်းအ များစုသည် ကင်းလွတ်ခွင့်အချို့နှင့် အခွန် ၂၄ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ .
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် အန်ဝါက ၎င်း၏အစိုးရသည် လက်တုံ့ပြန်အကောက်ခွန်စည်းကြပ်ခွန်များကို ထည့်သွင်းမည်မဟုတ်ကြောင်းနှင့် ခိုင်မာသောအိမ်ထောင်စုအသုံး စရိတ်၊ ခိုင်မာသောပြည်တွင်းရင်းနှီးမြုပ်နှံမှုနှင့် ကောင်းမွန်သောခရီးသွားလုပ်ငန်းများအပါအဝင် မလေးရှားနိုင်ငံ၏ မက်ခရိုစီးပွားရေးအခြေခံအုတ်မြစ်များသည် ခိုင်မာနေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီစိန်ခေါ်မှုကို ကြံ့ခိုင်မှုနဲ့ ကြိုတင်ပြင်ဆင်မှုအနေအထားကနေ တွန်းလှန်နိုင်မှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။
အကောက်ခွန် ၂၄ ရာခိုင်နှုန်းကို အကောင်အထည်ဖော်မည်ဆိုပါက ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းခန့်မှန်းချက်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် စည်းကြပ်ခွန်အသစ်ကောက်ခံမှုဒဏ်ကို အပြင်းထန်ဆုံးခံရသည့်နိုင်ငံဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးရရှိရန် ဒေသဆိုင်ရာခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း အန်ဝါက ပြောကြားခဲ့သည်။
#ChannelNewsAsia
#ယနေ့ခေတ်
ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုသစ်ကို စည်းလုံးညီညွတ်မှုဖြင့် တုံ့ပြန်မှုရမည်ဟု မလေးရှားဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်