ဝါရှင်တန်၊ နိုဝင်ဘာ ၂၈
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့တွင်ပါဝင်ရန် အမည်စာရင်းတင်သွင်းခံရသောသူများကို ပစ်မှတ်ထားပြီး ဗုံးဖြင့်တိုက်ခိုက်မည်ဟု ခြိမ်း ခြောက်ခံနေရကြောင်း သတင်းများထွက်ပေါ်နေသည်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ၎င်းတို့အနေဖြင့် ဗုံးဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေသည်ကို သတိပြုမိကြောင်း ပြောသည်။
ဗုံးဖြင့်တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ခံရသူများထဲတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့် အလုပ်သမားဝန်ကြီး စသည့်သူများပါဝင်နေကြောင်း ပြောသည်။
အမေရိကန်ရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်နေ့နှင့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဗုံးဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။
လက်ရှိအချိန်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ပြောရေးဆိုခွင့်တာဝန်ယူထားသူ ကာရိုလိုင်း လီဗစ်က အမေရိကန်အစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့်သူများကို ပစ်မှတ်ထားကာ အကြမ်းဖက်ရန် ကြံစည်ကြိုးပမ်းမှုများရှိနေကြောင်း ပြောသည်။
၎င်းက “ တရားဥပဒေနဲ့ လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့တွေဟာ အစိုးရအဖွဲ့မှာပါဝင်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို လျင်မြန်စွာဦးစားပေးဆောင်ရွက်ရမယ်။ အနီးစပ်ဆုံး ဥပမာပေးရ မယ်ဆိုရင် ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲကာလတုန်းကလည်း လုပ်ကြံခံရတဲ့အဖြစ်ပျက်တွေရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအကြမ်းဖက်လုပ်ရပ်တွေက ဒေါ်နယ်ထရမ့်ကို တားဆီးနိုင်စွမ်းမရှိခဲ့ဘူး။” ဟု ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူဆိုလျှင် မိသားစုကို ဗုံးဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့သည် လာမည့်ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်အစိုးရအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com
ဒေါ်နယ်ထရမ့်ဦးဆောင်မည့် အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများ ခြိမ်းခြောက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်