ဒေါနလမ်းဟောင်း ဖြတ်အသုံးပြုခွင့် ပိတ်မည်ဟု သတင်းများထွက်ပေါ်

ရန်ကုန်၊ သြဂုတ် ၁၄

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်လမ်းဟောင်း အသုံးပြု ခွင့်အား လုံခြုံရေးအရပိတ်မည်ဟု ယနေ့ ညနေပိုင်းတွင် သတင်းထွက်ပေါ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးမှာ ရာသီဥတုကြောင့် မြေပြိုမှုများ၊ လမ်းပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး သွားလာရေးခက်ခဲခဲ့၍ လမ်းဟောင်းအားအသုံးပြုကာ သွား နေရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားလာရာ၌ လုံခြုံမှုမရှိဟုဆိုကာ အဆိုပါလမ်းဟောင်းအသုံးပြုခွင့်အား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ မနက်ဖြန်မှစတင်ကာ သွားလာခွင့်ပိတ်မည်ဟု ဒေသတွင်းသတင်း များထွက်ပေါ်နေခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ လမ်းဟောင်းက ပေးမသွားတော့ဘူးလို့ကြားတယ်။ မနက်ဖြန်ကနေစပြီးတော့တဲ့။ လုံခြုံရေးမကောင်းလို့ ပိတ်ခိုင်းလိုက်တာလို့ကြားတယ်တဲ့။ ပြောတဲ့ source က ၉၀ ရာခိုင်နှုန်း တော့သေချာတယ်။ ဟုတ် မဟုတ်တော့စောင့်ကြည့်ရအုံးမယ်။ စာဘာညာတော့ မတွေ့သေးဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သြဂုတ် ၁၃ ရက်မှစတင်ကာ အဆိုပါ ဒေါနတောင်လမ်းဟောင်းအား တစ်ရက်ဆင်း၊ တစ်ရက်တက်စနစ်ဖြင့် ဖြတ်သန်းသွားလာနေကြပြီး ယင်းလမ်းကိုအသုံး ပြုသည့်ကားများလာ ၍ ယာဥ်ကြောကြပ်မှုနှင့် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ၎င်းစနစ်အား အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။

“ လမ်းပိတ်လိုက်လို့လည်း ခက်တော့မခက်ပါဘူး။ လောလောဆယ် ထို့ကော်ကိုးလမ်းက သွားလို့ရတယ်လေ ကော့ကရိတ်မရောက်ခင် နဘူးလမ်းခွဲကနေပတ်ရတာ၊ နောက် ဘေး ရှောင်လမ်းကလဲ ၃ ၊ ၄ ရက်ဆို သွားလို့ရလောက်ပြီ” ဟု မြဝတီမြို့တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၇ ရက်တွင် ရာသီဥတုကြောင့် လမ်းမြေပြိုကျပျက်စီးသွားခဲ့သည့် အာရှလမ်းပိုင်အား ဘေလီတံတားထိုးနေပြီး ယာဥ်ငယ်များသွားလာနိုင်ရန်အတွက် ဘေးရှောင်လမ်း ဖောက်လုပ်နေကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့်လမ်းပိုင်းအား မော်တော်ယာဥ်များ ယာယီသွားလာ နိုင်ရန် ဘေလီတံတားထိုးခြင်းနှင့် ဘေးရှောင်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအား သြဂုတ် ၁၀ ရက် မှစတင်ကာ ဆောက်လုပ်နေပြီး တစ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက နိုင်ငံပိုင်သတင်းစာတွင် ဖြေကြားထား သည်။

ဂျူဂျူး

ဓာတ်ပုံ – ချမ်းမြေ့

#ယနေ့ခေတ်

ဒေါနလမ်းဟောင်း ဖြတ်အသုံးပြုခွင့် ပိတ်မည်ဟု သတင်းများထွက်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.