ဒေသအချို့တွင် နေ့အပူချိန်များတိုးလာနိုင် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့အပါအဝင် ဒေသအချို့တွင် နေ့အပူချိန်များတိုးလာနိုင်ကြောင်း မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်သူ ဦးဝင်းနိုင်က ပြောကြားသည်။

ယနေ့မှစ၍ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်နှင့် ကရင်ပြည်နယ်တို့၌ နေ့အပူချိန်များ သိသိသာသာ တိုးလာနိုင်ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်းရေး Model များတွင် တွေ့ရကြောင်း ဦးဝင်းနိုင်က ၎င်းကလူမှုကွန်ရက်စာမျက်နှာတွင် သတိပေးရေးသားထားသည်။

“ ညအပူချိန်များကတော့ ဆက်ပြီးအေးနေတုန်းမို့ မတ်လဆန်းလောက်အထိတော့ နေ့အပူချိန်တွေ လွန်လွန်ကဲကဲတိုးလာနိုင်ဦးမှာ မဟုတ်ပါဘူး။” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်မြို့အပါအဝင် ဒေသအချို့၌ ယခုရက်ပိုင်းအတွင်း နေ့လည်ပိုင်းအပူချိန်များ မြင့်တက်လာကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

“ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရန်ကုန်မှာ နေ့ခင်းဘက် တော်တော်ကိုပူလာတာ သိသာတယ်။ ထီးတို့၊ ဦးထုပ်တို့မပါဘဲ အပြင်ခဏသွားမိရင်တောင် ခေါင်းကိုက်တာမျိုးအထိဖြစ်တယ်။ နေ့ခင်းပိုင်း မီးပြတ်ချိန်ဆိုရင် အိမ်ထဲမှာနေလို့မရအောင်တောင် ရာသီဥတုကပူလာတာ။” ဟု ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်၌နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ နေ့အပူချိန် ၃၈.၃ ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ပေါင်း ၇၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး၊ လောင်းလုံးမြို့၌ နေ့အပူချိန် ၃၇. ၈ ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ပေါင်း ၄၁ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ယမန်နေ့က မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

နေ့အပူချိန်များတိုးလာကာ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း မြင့်လာနိုင်သည့် ဒေသများ၌ အပူဒဏ်ကြောင့်ဖြစ်လာနိုင်သော နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုများကို သတိပြုရန်လိုအပ်ကြောင်းနှင့် နေ့လည်အချိန်များတွင် အေးမြ၍အရိပ်ရသည့် နေရာများတွင် နေထိုင်ရန်နှင့် ချွေးထွက်လွန်ခြင်းကို သတိပြုရန် မိုးလေဝသဖြစ်စဉ်အား ခန့်မှန်းသုံးသပ်သူ ဦးဝင်းနိုင်က ပြောကြားသည်။

သတင်း၊ ဓာတ်ပုံ – #မောင်ဇော်

ပုံစာ- ရန်ကုန်မြို့၌ နေ့လည်ပိုင်း သွားလာနေသူများအား တွေ့ရစဉ်။

#ယနေ့ခေတ်

ဒေသအချို့တွင် နေ့အပူချိန်များတိုးလာနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.