ရန်ကုန်၊ စက်တင်ဘာ ၂၉
ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်သည် ယခုရက်ပိုင်းက ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း အဆိုပါအသင်းနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ အတည်ပြုပြောကြားသည်။
ဦးနိုင်မျိုးသွင်အား ဖမ်းဆီးထားသည့်အဖွဲ့မှ စက်တင်ဘာ ၂၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်းသိရပြီး ယင်းနေ့မှာပင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“ ၂၆ ရက်နေ့က ပြန်လွတ်လာတာ။ အသက်ဘေးအန္တရာယ်မကြုံခဲ့ရဘဲ အိမ်ပြန်ရောက်လာတော့ ကျွန်တော်တို့အားလုံးလည်း ဝမ်းသာနေတာပေါ့။ ကျန်တဲ့ အသေးစိတ်အကြောင်း အရာတွေကိုတော့ လုံခြုံရေးအရ လောလောဆယ်ပြောပြလို့ အဆင်မပြေသေးဘူး။” ဟု အဆိုပါအသင်းနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဦးနိုင်မျိုးသွင်သည် စက်တင်ဘာ ၁၆ ရက်က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ မြေပြိုကျမှုဖြစ်စဉ်အား အသင်းသားများ၊ မိတ်ဖက် လူမှုကူညီရေး အသင်းများနှင့်အတူ သွားရောက်ကူညီပြီးနောက် ထားဝယ်မြို့သို့ ပြန်လာစဉ် ညင်းမော်ရွာအနီး၌ ထားဝယ် ပကဖ DDT နှင့် ထားဝယ်မြို့ပြပျောက်ကျားဆိုသည့်အဖွဲ့တို့က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
၎င်းအား ဖမ်းဆီးရခြင်းမှာ လုံခြုံရေးအဖွဲ့များနှင့် ဆက်သွယ်မှု၊ လူမှုရေးကိစ္စနှင့် လိုင်စင်မဲ့ကားကိစ္စများကြောင့်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။
ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ဦးနိုင်မျိုးသွင်ကို ဆက်လက်ချုပ်နှောင်ထားရန် နေရာအခက်အခဲရှိခြင်းနှင့် ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦး ဖြစ်ခြင်းတို့ကြောင့် ဝန် ခံလက်မှတ်ရေးထိုးစေကာ နောင်တွင် လုံခြုံရေးအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ပြင်းပြင်းထန်ထန်သတိပေး၍ စက်တင်ဘာ ၂၆ ရက်၊ နံနက်အစောပိုင်းက ပြန်လွှတ် ပေးခဲ့သည်ဟု ယမန်နေ့က ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဦးနိုင်မျိုးသွင်အား ဖမ်းဆီးရခြင်းနှင့်ပတ်သတ်၍ အထက်ပါကဲ့သို့ သတင်းထုတ်ပြန်သော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်ကလည်း မြိတ်မြို့ရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အဖွဲ့က လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် ပူး ပေါင်းလုပ်ဆောင်ပါက စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ၎င်းတို့အသုံးပြုနေသော လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ပြီး ထိုသို့ လက်နက်ကိုင်အဖွဲ့များ၏ ပြောဆိုမှုများကြောင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသက်အန္တရာယ် စိုးရိမ်ရခြင်းများရှိကြောင်း ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
မောင်ဇော်
ပုံစာ- ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ဇမ္ဗူသီရိ အရေး ပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင် (ပုံဟောင်း အသုံးပြု ထားသည်)
ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်မှ လူမှုကူညီရေးအဖွဲ့ ဥက္ကဌ ပြန်လည်လွတ်မြောက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်