ဒူဘိုင်းနိုင်ငံ​ရောက် မြန်မာအမျိုးသမီးနှစ်ဦးကို ပြန်ခေါ်လျှင် ကျပ်သိန်း ၁၀၀ ပေးရမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်သစ်(အ​ရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရတနာလမ်းမ​ပေါ်ရှိ Yu Journey Agent & General Service Co.,Ltd အမည်ဖြင့် ဖွင့်လှစ်ထားရှိ​သော အေဂျင်စီက အသက် ၂၀ နှစ်အရွယ် မြန်မာအမျိုးသမီးနှစ်ဦးအား ဒူဘိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ပို့ဆောင် ရောင်းစားခဲ့​ကြောင်း၊ ၎င်းတို့ကို ပြန်လည်ခေါ်ယူ လိုပါက ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု အဆိုပါအေဂျင်စီက ပြောကြောင်း Solidarity Trade Union Of Myanmar (STUM) (သွေးစည်းညီညွတ်​သော အလုပ်သမားသမဂ္ဂများ အဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ​အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်တိုင်း၊ ​မှော်ဘီမြို့နယ်၊ စက်လမ်း၊ တပ်ကြီးကုန်းရပ်ကွက်၊ ကွမ်းခြံပိုင်​နေ မရွှေမှုံ အသက် (၂၀)၊ မဇူဇင်မြင့် အသက် (၁၉) တို့သည် Tiktok တွင် (မှူး) ဆိုသူ၏အကောင့်နှင့် ခင်မင်ရင်းနှီးခဲ့ရာမှတစ်ဆင့် ဒူဘိုင်းနိုင်ငံသွားရန် ပြောဆိုတိုင်ပင်ခဲ့ကြပြီး အဆိုပါ (မှူး)ဆိုသူ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း) ၈/သ ကားမှတ် တိုင်အနီးရှိ မယု၏ရုံးသို့လာခဲ့ရန် ပြောဆိုခဲ့​ကြောင်း သိရသည်။

ထိုနောက် အဆိုပါ Yu Journey Agent & General Service Co.,Ltd က ရွှေမှုံနှင့် မဇူဇင်မြင့်တို့နှစ်ဦးကို ဒူဘိုင်းသို့ လိမ်လည်ပို့ဆောင် ရောင်းချခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

“ ရွှေမှုံနဲ့ မဇူဇင်မြင့်တို့နှစ်ဦးက Tik Tok ကနေ “ မှူး” ဆိုတဲ့အကောင့်နဲ့ ရင်းနှီးခဲ့တာပေါ့။ အဲ့ဒီမှာ ဒူဘိုင်းသွားဖို့ကိစ္စ ပြောဆိုကြတော့ “ မှူး” ဆိုတဲ့သူက အရှေ့ဒဂုံ ၈/သ ကားမှတ်တိုင် အနီးက အေဂျင်စီရုံးကို လာဖို့ပြောခဲ့ပါတယ်။ ဒူဘိုင်းသွားမယ်ဆိုရင် ​မယုဆိုသူက သင်တန်းတက်ရမယ်။ ​နောက်ပြီး ရုံးမှာပဲနေထိုင်ရမယ်။ ဒူဘိုင်းသွားချင်ရင် ကျပ်နှစ်သိန်းပေးရ မယ်လို့ ​ပြောတယ်။ ဒီက​လေးမ​လေး​တွေက စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ သူတို့နှစ်ယောက်ကို လေဆိပ်ကိုလိုက်ပို့ပေးပြီး အေဂျင်စီက အမျိုးသမီး သုံး​ယောက်က ဒူဘိုင်းရောက်ရင် လာကြိုလိမ့်မယ်ဆိုပြီး တစ်ခါတည်းပြောလိုက်တယ်။ ဒူဘိုင်းရောက်တော့ အမည်မသိလူနှစ်​ယောက်က လာခေါ်သွားပြီးမှ ရောင်းစားခံရတယ်ဆို တာ သိရတာ။” ဟု STUM က တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထို့​နောက် ၎င်းအမျိုးသမီးနှစ်ဦးသည် ဒူဘိုင်းနိုင်ငံရောက်ပြီး ရောင်းစားခံရခြင်းကို သိရှိခဲ့ခြင်းကြောင့် မြန်မာပြည်ရှိ မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရန် ကြိုးစားခဲ့ရာ ဖုန်းများ အား သိမ်းခံထားရသည့်အတွက် ဆက်သွယ်မှုခေတ္တပြတ်တောက်ခဲ့ပြီး၊ ဖုန်းပြန်လည်ရရှိချိန်မှာ အွန်လိုင်းမှတဆင့် မိသားစုနှင့် အချိတ်အဆက်ပြန်ရရှိခဲ့​ကြောင်း သိရသည်။

လက်ရှိ ဒူဘိုင်းနိုင်ငံတွင် ရောင်းစားခံရသည့် မရွှေမှုံနှင့် မဇူဇင်မြို့တို့ကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပေးရန် တောင်းဆိုရာ ၎င်းအေဂျင်စီမှ မယု(ခ) မှူးဆိုသူက သိန်း ၁၀၀ ပေးရမည်ဖြစ်​ကြောင်း မိသားစုဝင်များအား ​ပြောဆိုခဲ့​ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး Yu Journey Agent & General Service Co.,Ltd သို့ ဆက်သွယ်ခဲ့သော်လည်း လက်ရှိသတင်းရေးချိန်အထိ အဆက်အသွယ်မရရှိသေးပါ။

မြင့်မြတ်အောင်မြင်
ယနေ့ခေတ်
ပုံ- ဒူဘိုင်းနိုင်ငံ

ဒူဘိုင်းနိုင်ငံ​ရောက် မြန်မာအမျိုးသမီးနှစ်ဦးကို ပြန်ခေါ်လျှင် ကျပ်သိန်း ၁၀၀ ပေးရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.