တဲလ်အဗစ်၊ အောက်တိုဘာ ၁၆
လက်ဘနွန်လက်ကိုင်အဖွဲ့ ဟားမက်စ်သည် အစ္စရေးအပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် လူအသေပျောက်များသော တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရမည်ဟု အစ္စရေးစစ်တပ်က သတိပေးပြောဆိုလိုက်သည်။
အစ္စရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Daniel Hagari က “ ဟစ်ဘိုလာအဖွဲ့ဟာ အီရန်နိုင်ငံရဲ့ညွှန်ကြားမှုနဲ့ ထောက်ခံမှုတွေကိုရယူပြီး အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဟစ်ဘိုလာအဖွဲ့ရဲ့ လုပ်ရပ်တွေက လက်ဘနွန်နိုင်ငံသားတွေအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်မှုတွေကို ဖိတ်ခေါ် သလိုမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ချထားတယ်။ ကျွန်တော်တို့အပေါ် ရန်လိုတိုက်ခိုက်မှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင်တော့ ဟစ်ဘိုလာအဖွဲ့ကို တုံ့ပြန်တိုက်ခိုက်သွားမယ်။ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့အနေနဲ့ အစ္စရေးနိုင်ငံအပေါ် စမ်းသပ်တာမျိုးတွေ လုပ်ဆောင်နေမယ်ဆိုရင် ၎င်းတို့ကို လူသေဆုံးမှုများဖြစ်စေတဲ့ တုံ့ပြန် တိုက်ခိုက်သွားမယ်။ အမေရိကန်နိုင်ငံကလည် အပြည့်အဝ ထောက်ခံမှုပေးထားတယ်။” ဟု ပြောသည်။
အစ္စရေးသည် အရပ်သားများ ထိခိုက်နာကျင်မှု မဖြစ်စေရန်အတွက် လက်ရှိအချိန်တွင် လက်ဘနွန်နှင့် အစ္စရေးနယ်စပ်ဒေသ နှစ်ကီလိုမီတာအတွင်းရှိ ဒေသခံ၊ အဖွဲ့စည်းများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးထားကြောင်း သိရသည်။
ဟစ်ဘိုလာအဖွဲ့သည် အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဟားမက်စ်နှင့် ဟစ်ဘိုလာအဖွဲ့များကို ကူညီပေးနေသော အီရန်အစိုးရကလည်း အစ္စရေးအား ဂါဇာဒေသအပေါ် လေကြောင်းမှတိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် အစ္စရေးတို့ မြေပြင် ထိုးစစ်ဆင်ခဲ့မည်ဆိုလျှင် ဖြစ်နေသည့်စစ်ပွဲကို မည်သူမျှ ထိန်းချုပ်လို့ရမည်မဟုတ်ကြောင်း သတိပေးထားသည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က “ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဒေသမြေပြင်ကို ကျူးကျော်လာမယ်ဆိုရင်တော့ အခြေနေတွေကို ထိန်းသိမ်းလို့ရမှာမဟုတ် ဘူး။ ပဋိပက္ခတွေ ပိုမိုမကျယ်ပြန့်အောင် လုပ်ဆောင်ဖို့လိုအပ်တယ်။ စစ်ပွဲကို တားဆီးလိုသူတွေဟာ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက် ခိုက်မှုတွေကို တားဆီးမှုတွေ ပိုမိုလုပ်ဆောင်ရမှာဖြစ်တယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်အစိုးရ တာဝန်ရှိသူများသည် ဟားမက်စ်အဖွဲ့ခေါင်းဆောင်၊ ဆီးရီးယား၊ အီရတ်၊ ကာတာနှင့် လက်ဘနွန်နိုင်ငံတို့က အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် စစ်ပွဲထဲသို့ အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ပြောဆိုထားသည်။
ကောင်းထက်ငွေ
ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် ဟစ်ဘိုလာအဖွဲ့ကို လက်တုံ့ပြန်သွားမည်ဟု အစ္စရေးစစ်ဘက် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်