ရန်ကုန်၊ စက်တင်ဘာ ၂၆
နစကအား ပြင်ဆင်ဖွဲ့စည်းကြောင်း ယမန်နေ့ ညက နိုင်ငံပိုင်မီဒီယာမှတဆင့် သတင်းထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာအား အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး၏နေရာအား ညှိုနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် နစကဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့် အပြောင်း အလဲပြုလုပ်ခဲ့ကြောင်း သိရသည်။
“ စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ သူတို့နှစ်ဦးနေရာကို အပြောင်းအလဲပြုလုပ်လိုက်တာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့ ကာလုံအစည်းအဝေးတွင် သက်တမ်းတိုးကာ နစက အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် ထပ်မံ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း လည်း ဖြစ်သည်။
ယခု ပြင်ဆင်ဖွဲ့စည်းသည့် နစက အဖွဲ့တွင် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၈ ဦးပါဝင်ပြီး ထို ၁၈ ဦးအနက် စစ်ဘက် ဆိုင်ရာအရာရှိကြီး ၉ ဦးနှင့် အရပ်သား ၉ ဦးပါဝင်ကြောင်း သိရသည်။
ထို့ပြင် အပြောင်းအလဲပြုလုပ်ခံရသည့် ပြည်ထဲရေးဝန်ကြီးဟောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) ဝန်ကြီးဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား မူလစစ်ဘက်တာ ဝန်များအား ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း စစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ပတ်သတ် ၍မူ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထို့အပြင် အစိုးရအဖွဲ့အတွင်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနေရာအား အပြောင်းအလဲပြုလုပ်ခဲ့ပြီး အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ ဦးအောင်နိုင်ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန (၁) ၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီးဖြစ်သူ ဦးထွန်းအုံ အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ စစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုဝန် ကြီးဖြစ်သူ ဦးညွန့်အောင်အား တာဝန်မှအနားယူခွင့်ပြုခဲ့ကာ အဆိုပါ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးမင်းမင်းအား ဒုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်ဟု သိရ သည်။
ထို့အပြင် နိုင်ငံခြားဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ဦးလွင်ဦးအား ခန့်အပ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်ကလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နေရာအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အပြောင်းအလဲပြုလုပ်ခဲ့သည်။
ယခုလအတွင်း၌ ရွှေစျေး၊ ဒေါ်လာစျေးနှင့် စားသုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီးနောက် နစက၏ ထိပ်ပိုင်းအရာရှိကြီးအချို့အပါဝင် စီးပွားရေးလုပ်ငန်းရှင် အများအပြား အား ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း သတင်းများထွက်ပေါ်ပြီးနောက် နစကအား ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင် စီးပွားရေးကဏ္ဍများအား တာဝန်ယူထားသူများအား အပြောင်း အလဲပြုလုပ်ခြင်းကို ဆက်တိုက်ပြုလုပ်လာခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။
မောင်ဇော်
ဓါတ်ပုံ – နိုင်ငံပိုင် မီဒီယာ
ပုံစာ -နစက အဖွဲ့အတွင်း အပြောင်းအလဲပြုလုပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာကို အပြောင်း အလဲ ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်