ဒီးမော့စ်ဆို စာသင်ကျောင်းတစ်ခုမှ စစ်ဘေးရှောင်ကလေးများနှင့်ဆရာများ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အကူအညီလိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် စိန်ရောင်ခြည် အလယ်တန်းကျောင်းမှ စစ်ဘေးရှောင်ကလေးငယ်များ ရာသီတုပ်ကွေးးဖြစ်ပွားနေပြီး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါ စာသင်ကျောင်းတွင် Kg မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦးကို အလယ်တန်းကျောင်းအဖြစ် ဆရာ၊ ဆရာမ ၁၁ ဦးက ပညာသင်ကြားပေးနေကာ ဆရာများအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော် ရာသီတုပ်ကွေးဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ ကလေးငယ်တွေက ညနေပိုင်းတွေမှာ ကိုယ်ပူလာပြီး ချောင်းဆိုးတာ၊ ချမ်းတုန်တာတွေနဲ့ ကိုယ်လက်ကိုက်ခဲတာတွေအပြင် ယားယံတာတွေပါဖြစ်နေပြီး အာဟာရပြည့်ဝမှုလည်း မရှိတဲ့အတွက် လမ်းလျှောက်တဲ့အခါမှာ ခေါင်းမူးသွားတာတွေလည်းရှိနေပါတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ ကလေးငယ်များကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးဝါးများလည်း လုံလောက်မှုမရှိသည့်အတွက် ကိုယ်ပူကျဆေး၊ ချောင်းဆိုးနှာစီးပျောက်ဆေးများ လိုအပ်နေကြောင်း၊ လက်ရှိအချိန်အထိ ဆေးဝါးကုသစောင့်ရှောက်မှုပေး၊ ဆေးဝါးထောက်ပံ့ပေးသူများမရှိသေးကြောင်း သိရသည်။

“ ဆေးဝါးလိုအပ်တာပေါ့။ အခုက အိမ်သုံးဆေးလေးတောင် မရှိတဲ့အခြေအနေပါ။ အလှူရှင်လည်းမရှိဘူး၊ ဖျာနာဖြစ်နေတာက ၅ ရက်လောက်ရှိနေပြီ၊ အခု ရာသီတုပ်ကွေးက ဖြစ်တယ်ဆို အချိန်နှစ်ပတ်လောက်အထိကြာတာ။ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ရင်တောင် ရောဂါဒဏ်ခံလည်းခံရတယ်။ ကိုယ်ခံအားလည်း အရမ်းနည်းသွားတာ။” ဟု စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆရာမတစ်ဦးက ပြောသည်။

အဆိုပါဒေသက စစ်ဘေးရှောင်ကလေးငယ်များသည် စစ်အတွင်း ရှင်သန်နေရခြင်းကြောင့် အာဟာရချို့တဲ့မှု၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းမှု၊ နာမကျန်းဖြစ်မှု၊ ပညာရေးပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြင့်ပါ ရှင်သန်နေရကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

#ခန့်ခန့်
Photo – KL
#ယနေ့ခေတ်

ဒီးမော့စ်ဆို စာသင်ကျောင်းတစ်ခုမှ စစ်ဘေးရှောင်ကလေးများနှင့်ဆရာများ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.