ဒီမော့ဆို၌ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့၍ စစ်ရှောင်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၃၁

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့အား လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်စခန်းများသို့ ကျရောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသ တွင်းကူညီစောင့်ရှောက်ရေးအဖွဲ့များမှ သိရသည်။

သြဂုတ် ၃၁ ရက်၊ နံနက်အစောပိုင်းက ဒီမော့ဆိုအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ရှိ စစ်ရှောင်စခန်းများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဒီမော့ဆို အရှေ့ခြမ်း၌ စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒီမော့ဆို အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှာ လေယာဥ်နဲ့ ဗုံးကြဲခံရတယ်။ တစ်ယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ အနောက်ခြမ်းမှာတော့ ထိခိုက်တဲ့သူမရှိပါဘူး။” ဟု ကရင်နီစစ်ရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဒီမော့ဆို အနောက်ခြမ်း စစ်ဘေးရှောင်ဒေသ၌ စစ်ရှောင်ဦးရေများပြားလာခဲ့ပြီး နေရာမရှိတော့ကြောင်း ဒေသတွင်းကူညီစောင့်ရှောက်နေသည့်အဖွဲ့များထံမှ သိရသည်။

“ ဒီမောဆို အနောက်ခြမ်းမှာဆိုရင်တော့ ဖြည့်ဖို့နေရာတောင်မရှိတော့ဘူးပေါ့၊ လူဦးရေက ပြွတ်သိပ်နေပြီ။ နေရာမရှိတော့တဲ့အခါမှာကြတော့ ခက်ခဲတယ်။ အရှေ့ဘက်ခြမ်းမှာကြ တော့ နေရာတွေရှိသေးတယ်။ တောတွေတောင်တွေရှိ တယ်။ ဝေးတော့ဝေးတယ်။ များလာတာကလည်း လေးလပိုင်းက တိုက်ပွဲဖြစ်လို့ အရှေ့ခြမ်းကနေ အနောက်ခြမ်းကိုပြောင်း လာတာရှိတယ်။ မိုးဗြဲနဲ့ ဖယ်ခုံဘက်ကလည်း ရောက်လာတာရှိတော့ အနောက်ခြမ်းမှာပြည့်နေပြီ။ ဆန်ကတော့အရေးပေါ်လိုအပ်နေတယ်။” ဟု ဒေသတွင်း ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ တာဝန်ရှိသူကပြောသည်။

လက်ရှိ၌ ဒီမောဆိုအရှေ့ခြမ်း၌ စစ်ဘေးရှောင် ခြောက်ထောင်ဝန်းကျင်ခန့် ရှိနေသေးကာ ဒီမော့ဆို အနောက်ခြမ်း၌ စစ်ဘေးရှောင် သုံးသိန်းခွဲခန့် ရှိနေကြောင်း ဒေသခံတွင်းကူညီ ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ကရင်နီပြည် ဒီမော့ဆိုနှင့် ဖရူဆိုလမ်းပိုင်း၌ သြဂုတ် ၃ ရက် မှ ၃၀ ရက်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိ ခိုက်မှုများလည်းရှိ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဒီမော့ဆို၌ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့၍ စစ်ရှောင်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.