ရန်ကုန်၊ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာတွင် ယမန်နေ့က လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ယမန်နေ့ညနေပိုင်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းနေထိုင်သူ အမျိုးသမီးလေးဦး အား ထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲလည်း ဖြစ်ပွားတာမရှိပဲ ရေဦးဘက်က ပစ်လိုက်တာလို့ယူဆရတဲ့ လက်နက်ကြီးက လက်ယက်ကုန်းရွာထဲကို ကျရောက်ပေါက်ကွဲသွားတာပါ။ ဖြစ်ဖြစ်ချင်း အမျိုးသမီးတစ် ဦး နေရာမှာပဲသေဆုံးပြီး၊ သုံးဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူသုံးဦးထဲက ပြင်းထန်ဒဏ်ရာရသူတစ်ဦး နောက်ပိုင်းမှာ သေဆုံးသွားတယ်။ စုစုပေါင်း နှစ်ဦးသေပြီး၊ နှစ်ဦးဒဏ်ရာရ တယ်။” ဟု စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ပြောကြားသည်။ ကျန်ဒဏ်ရာရရှိသူနှစ်ဦးအား ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းက ဒီပဲယင်းမြို့နယ်နှင့်နီးကပ်သည့် ရေဦးမြို့နယ်ရှိ ကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအများအပြားတွင် အောက်တိုဘာ ၂၁ ရက်မှစ၍ စစ်ကြောင်းဝင်ရောက်ကာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများဖြစ်ပွား၍ ယနေ့အထိ ဒေသခံတစ်သောင်း ထက်မနည်း ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒီပဲယင်းမြို့နယ်(အနောက်ခြမ်း)ရှိ သိမ်ဘာကျေးရွာမှ လေးဦး၊ တောထဲသို့ စစ်ရှောင်လာသည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးနှင့် အခြားကျေး ရွာများမှ ဒေသခံများအပါအဝင် ၁၂ ဦးအား စစ်ဘေးရှောင်ကျေးရွာများအနီး သေဆုံးလျက်တွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုဒေသတွင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကာ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုနှင့် သတ်ဖြတ်ခံရ၍ သေဆုံးသူများစွာရှိကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – ဒီပဲယင်းစစ်ရှောင်ကူညီရေးအဖွဲ့
ပုံစာ- ယမန်နေ့ ညပိုင်းက လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ်နှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြစဉ်
ဒီပဲယင်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်