ဒီပဲယင်း၌ ရှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးအား သေဆုံးလျက်တွေ့ရ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံ ၁၂ ဦးအား ယခုရက်ပိုင်းအတွင်း သေဆုံးလျက်တွေ့ရကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များကို ကူညီ ပေးနေသူများထံမှ သိရသည်။

အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ (ရှစ်ရက်အတွင်း) တောထဲသို့ စစ်ရှောင်လာသည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ သိမ်ဘာကျေးရွာမှ လေးဦးနှင့် အခြားကျေးရွာများမှ ဒေသခံစုစုပေါင်း ၁၂ ဦးအား သေဆုံးလျက်တွေ့ရခြင်းဟု သိရသည်။

“ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေဖြစ်ပြီး ဒီပဲယင်းအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ရှောင်ကြရတယ်။ အခု နေရပ်ပြန်တော့မှ အလောင်းတွေကို တွေ့ရတာ။ အသတ်ခံထားရတယ်လို့ပြောတယ်။ အိမ်တွေလည်း မီးရှို့ခံထားရတယ်။ တိုက်ပွဲစဖြစ်ပြီး အခုအချိန်အထိ အိမ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း အများကြီးကျန် သေးတယ်။” ဟု ဒီပဲယင်း စစ်ရှောင်များကိုကူညီပေးနေသူတစ်ဦးက ပြောသည်။

ထိုကာလအတွင်း အသက် ၁၄ နှစ်မှ ၅၀ နှစ်အတွင်းရှိ ဒေသခံအမျိုးသား ၂၅ ဦး ဖမ်းဆီးခံထားရပြီး ယခုအချိန်အထိ ပြန်မလွတ်သေးကြောင်း၊ လက်ရှိတွင်လည်း မစိုးရိမ်၊ ပျော် ဘွယ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ၊ ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ငြုတ္တံ စသည့်ကျေးရွာများမှ ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်ဝန်းကျင်မှစ၍ စစ်ကြောင်းဝင်ရောက်လာကာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထိုဒေသတွင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကာ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုနှင့် သတ်ဖြတ်ခံရ၍ သေဆုံးသူများစွာရှိကြောင်း ဒေသခံများက ပြောသည်။

#အောင်သူရိန်

ဓာတ်ပုံ – ဒီပဲယင်းစစ်ရှောင်ကူညီရေးအဖွဲ့

#ယနေ့ခေတ်

ဒီပဲယင်း၌ ရှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးအား သေဆုံးလျက်တွေ့ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.