ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံငါးထောင်နီးပါး ယနေ့နံနက်တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးသူများထံမှ သိရသည်။
အောက်တိုဘာ ၂၁ ရက်၊ ယနေ့နံနက်ပိုင်းမှစ၍ ဒီပဲယင်းမြို့နယ်၊ ဝဘာနှင့် မှန်သာကြီးကျေးရွာအနီး စစ်ကြောင်းရောက်ရှိလာ၍ ဒေသခံငါးထောင်နီးပါးမှာ ဘေးလွတ်ရာသို့ အရေး ပေါ်ထွက်ပြေး တိမ်းရှောင်ရခြင်းဟု သိရသည်။
“ ဒီပဲယင်းမြို့ပေါ်က ထွက်လာတဲ့စစ်ကြောင်းက ဒီမနက် ဝဘာနဲ့ မှန်သာနားကို ရောက်လာလို့ အဲ့ဒီရွာတွေအပြင် အနီးတဝိုက်ကရွာတွေက ရွာသားတွေပါ ထွက်ပြေးရတာ။ တိုက် ပွဲဖြစ်ပွါးတာတော့ မရှိသေးဘူး။” ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ယနေ့နံနက်ပိုင်း ၁၁ နာရီခန့်အချိန်အထိ ဝဘာ၊ မှန်သာ၊ သာစည်၊ အင်တန်း၊ တောကျောင်း၊ ချောင်းနား၊ အင်ပင်၊ မဲသယ် စသည့်ကျေးရွာများအပါအဝင် စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာအနီးရှိ ဒေသခံငါးထောင်နီးပါးမှာ ဘေးလွတ်ရာနေရာများသို့ အလျင်အမြန်ထွက်ပြေးတိမ်းရှောက်လျက်ရှိနေကြောင်း သိရသည်။
လတ်တလော၌ အရေးပေါ် စစ်ဘေးရှောင်ရသူများအတွက် ကူညီထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၈ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ကျေးရွာရှိ နေအိမ်အချို့ မီးရှို့ဖျက်စီးခံရပြီး ပျက်စီးမှုများရှိခဲ့သည့်အတွက် အောက်တိုဘာ ၁၉ ရက်၊ ညပိုင်းက ထိုကျေးရွာသို့ ဒေသခံများက အပျက်အစီးများအား သွားရောက်ရှင်းလင်းခဲ့စဉ် မိုင်းနင်းမိ၍ တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်း လှုပ်ရှားလေ့ရှိသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF) နှင့် နီးစပ်သူများက နစက၏ စစ်ကြောင်းများနှင့် အပြန်အလှန်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား လေ့ရှိကြောင်း ပြောကြားသည်။
စစ်ကြောင်းဝင်ရောက်မှုနှင့် ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် နယ်မြေတည်ငြိမ်မှု ရရှိစေရေးအတွက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ စခန်း များအား သွားရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားကြောင်း ပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများနှင့် စစ်ကြောင်းများ ဝင်ရောက်မှု ကြောင့် ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ အရေးပေါ်စစ်ဘေးတိမ်းရှောင်ရမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီပေးသူများ
ပုံစာ- ယနေ့နံနက်တွင် ဒီပဲယင်းဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြစဉ်
ဒီပဲယင်း၌ ယနေ့နံနက်တွင် ဒေသခံငါးထောင်နီးပါး စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်