ဒီပဲယင်း၌ ဒေသခံငါးဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ ဒေသခံငါးဦးအား ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး၊ ဇန်နဝါရီလ ၂၀ ရက်၊ ယမန်နေ့က ပိဋကတ်ကျကျေးရွာတွင် အမျိုး သားတစ်ဦး စုစုပေါင်းငါးဦးတို့အား ဓါးဒဏ်ရာများစွာဖြင့် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။

“ ဇန်နဝါရီ ၁၉ ရက်က မဲအိုးရွာက ကိုဇော်ဝင်း၊ ကိုအောင်မြင့်ကျော်၊ ကိုထွန်းနဲ့ မခင်နှင်းဌေးတို့လို့ ယူဆရတဲ့အလောင်းတွေကို လက်ယက်ကုန်းရွာနားမှာ တွေ့ရတယ်။ ရက်ရက်စက် စက်သတ်ပြီး ကိုယ်လက်အင်္ဂါတွေလည်း တစ်စစီဓားနဲ့ ပိုင်းထားတာ တွေ့ရတယ်။ မနေ့က မဲအိုးရွာသား ကိုဇင်မင်းညွန့်ရဲ့ အလောင်းကိုလည်း ပိဋကတ်ကျရွာနားမှာ တွေ့ရတယ်။ အလောင်းကတော့ တော်တော်ပျက်စီးနေပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းမှစ၍ ဒီပဲယင်းမြို့နယ်ရှိ မဲအိုး၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်လှ စသည့်ကျေးရွာများသို့ စစ်ကြောင်းများ ဝင်ရောက်ခဲ့သော ကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်၍ ဒေသခံနှစ်သောင်းနီးပါးမှာ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ သေဆုံးသူ များမှာ စစ်ဘေးတိမ်းရှောင်စဉ် ဖမ်းဆီးခံရရာမှ သတ်ဖြတ်ခံရခြင်းဟု ဒေသခံအချို့က ပြောကြားသည်။

ဒီပဲယင်းမြို့နယ်၌ ဒေသခံများ၏ အလောင်းတွေ့ရှိမှုနှင့်ပတ်သတ်၍ နစကမှသတင်းထုတ်ပြန်ထားရာတွင် အဆိုပါမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင် ရွက်လျက်ရှိပြီး၊ အခင်းဖြစ်ပွါးရာကျေးရွာသို့ လုံခြုံရေးအဖွဲ့များ သွားရောက်ခြင်းမရှိကြောင်း ဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာသုံးရွာ၌နေထိုင်သော ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံလေးဦးကို ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများက ပြောကြားသည်။

#မောင်ဇော်

ဓာတ်ပုံ – ဒီပဲယင်းညီနောင်များအဖွဲ့

ပုံစာ – သေဆုံးသူများအား တွေ့ရသည့် လက်ယက်ကုန်းကျေးရွာအား တွေ့ရစဉ်။

#ယနေ့ခေတ်

ဒီပဲယင်း၌ ဒေသခံငါးဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.