ဒီပဲယင်းရှိ ဝဘာရွာ မီးရှို့ခံရပြီး နေအိမ်နှင့်စပါးကျီများ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဝဘာကျေးရွာ မီးရှို့ခံရပြီး လူနေအိမ်အချို့နှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဒီပဲယင်းမြို့နယ်ရှိ ဝဘာကျေးရွာမှာ အောက်တိုဘာ ၂၁ ရက်က မီးရှို့ခံရခြင်းဖြစ်ပြီး ပျက်စီးမှုအခြေအနေအား ယမန်နေ့ကမှ သိခဲ့ရခြင်းဟု ဒေသတွင်းစစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

“ လူနေအိမ်က ၇ လုံး၊ စပါးတိုက် ၄ လုံး မီးရှို့ခံရပြီး နေအိမ်တွေက ပြာကျသွားတယ်။ စပါးတင်း ၈၀၀ ခန့်နဲ့ မြေဆီ ၁၅ လုံးလည်း မီးလောင်ဆုံးရှုံးခဲ့တယ်။” ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာသည် ပြီးခဲ့သည့်နှစ်ကလည်း မီးရှို့ခံရပြီး ထိုစဉ်က နေအိမ် ၆၇ လုံး မီးလောင်ပျက်စီးခဲ့ပြီးနောက် ယခုဒုတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဟု သိရသည်။

လူနေအိမ်အချို့နှင့် စပါးကျီများ မီးရှို့ခံခဲ့ရသော်လည်း ဒေသခံများအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေ၍ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းမှစ၍ ဒီပဲယင်းမြို့နယ်၊ ဝဘာနှင့် မှန်သာကြီးကျေးရွာအနီး စစ်ကြောင်းရောက်ရှိလာ၍ ထိုကျေးရွာနှစ်ရွာအပြင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံငါးထောင်နီးပါးမှာ ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ယနေ့နံနက်ပိုင်းအထိလည်း ဒေသခံအများစု နေရပ်သို့ မပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွင် တိမ်းရှောင်လျက်ရှိနေကာ စားသောက်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးပါရန် စစ်ရှောင်ကူညီပေးနေသူများက အကူအညီတောင်းခံထားသည်။

ဒီပဲယင်းမြို့နယ်အတွင်း လှုပ်ရှားလေ့ရှိသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF) နှင့် နီးစပ်သူများက နစက၏ စစ်ကြောင်းများနှင့် အပြန်အလှန်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား လေ့ရှိကြောင်း ပြောကြားသည်။

စစ်ကြောင်းဝင်ရောက်မှုနှင့် ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် နယ်မြေတည်ငြိမ်မှု ရရှိစေရေးအတွက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ စခန်း များအား သွားရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားကြောင်း ပြောဆိုသည်။

နှစ်,နှစ်ခွဲကျော် ကာလအတွင်း ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် လူနေအိမ်၊ အဆောက်အုံ ရှစ်သောင်းကျော် မီးရှို့ဖျက်စီးခံရပြီး စစ်ကိုင်းတိုင်းအတွင်း၌ နေအိမ်ခြောက်သောင်းကျော် မီးရှို့ဖျက်စီးခံခဲ့ရကာ အခြားဒေသများထက် မီးရှို့ဖျက်စီးခံရမှု အများဆုံးဖြစ်ကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့အစည်းဖြစ်သော ISP – Myanmar မှ ယခုလအတွင်း ထုတ်ပြန်ထားသည်။

မောင်ဇော်

ဓာတ်ပုံ- ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးသူများ

#ယနေ့ခေတ်

ဒီပဲယင်းရှိ ဝဘာရွာ မီးရှို့ခံရပြီး နေအိမ်နှင့်စပါးကျီများ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.