ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၂၀ ခန့်အချိန်က ဒီပဲယင်းနယ်အရှေ့ခြမ်း၊ ညောင်လှ၊ မူးခံတွင်း၊ လက်ယက်ကုန်းနှင့် သစ်တုံကျေးရွာများတဝိုက်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပစ်တာက လေးဆယ့်ငါးမိနစ်လောက်ကြာတယ်ဗျ။ အဓိက ညောင်လှကျေးရွာဘက်ကိုပစ်တာ။ စစ်ရှောင်တွေကတော့ များတယ်။ ရေဦးဘက်ကရွာတွေရော။ ဒီပဲယင်းဘက်က ရွာတွေနဲ့ဆိုရင် တစ်သောင်းကျော်တယ်။ စစ်ရှောင်တဲ့သူတွေက ထပ်ရှောင်ရတာပေါ့။” ဟု စစ်ဘေးရှောင်များကိုကူညီနေသည့် ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်တွင် ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှ နစကတပ်အင်အား ၁၅၀ ခန့် ဝင်ရောက်လာသဖြင့် ရေဦးနှင့် ဒီပဲယင်းနယ်စပ် ရွာသာလေး၊ မူးသာကုန်း၊ ဆည်ကြီးစသော ကျေးရွာများမှတဆင့် စစ်ဘေးရှောင်ခဲ့ရပြီး ညနေပိုင်းတွင် ဒီပဲယင်းနယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ညတွင်းချင်း ထပ်မံစစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါဒေသများတွင် LPDF, PDF နှင့် နစကတပ်များ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – ဒီပဲယင်းဒေသခံ

#ယနေ့ခေတ်

ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.