ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံတစ်သောင်းကျော်မှာ ယမန်နေ့က ထပ်မံ၍စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူ ညီသူများထံမှ သိရသည်။
အောက်တိုဘာ ၂၁ ရက်နေ့မှစ၍ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာ ယမန်နေ့က ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်သို့ ရောက်ရှိလာ၍ အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံတစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ ထပ်မံ၍ တိမ်းရှောင်ရခြင်းဖြစ်သည်ဟု သိရသည်။
“ ပြီးခဲ့တဲ့အပတ်က ဒီပဲယင်းထဲဝင်လာတဲ့ စစ်ကြောင်းက အခု ရေဦးအစပ်နားအထိ ရောက်လာလို့ တိုက်ပွဲကိုကြောက်လို့ အကုန်ထွက်ပြေးရတာ။ အခုက စစ်ရှောင်တစ်သောင်း လောက်ရှိမယ်။ ပြီးခဲ့တဲ့အပတ်က ငါးထောင်ကျော်လောက် စစ်ရှောင်ရတယ်။ လက်ရှိတော့ အားလုံးပေါင်းရင် စစ်ရှောင်အရေအတွက် တစ်သောင်းကျော်ပြီ။” ဟု ဒေသတွင်း စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
ယမန်နေ့က ဒီပဲယင်းမြို့နယ်၊ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ သာစည်၊ ချောင်းနား၊ အင်းတိုင်လေး၊ အင်တန်း၊ တောကျောင်း၊ လျှော်ဖြူ၊ မရိုးကုန်း၊ ချောင်းရိုး အပါအဝင် ကျေးရွာ ၁၀ ရွာ ထက်မနည်းမှ ဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ယနေ့အထိ စစ်ရှောင်များမှာ နေရပ်မပြန်နိုင်သေးဘဲ လယ်ကွင်းများ၊ ကွင်းပြင်များတွင် ယာယီတဲထိုးကာ နေထိုင်မှုများရှိကာ အချို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကာ ဝိုင်းဝန်းကူညီပေးပါရန် ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများက အကူအညီတောင်းခံထားသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာမီးရှို့ခံရပြီး လူနေအိမ် ၇ လုံးနှင့် စပါးတင်း ၈၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံအချို့ သတ်ဖြတ်ခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်း လှုပ်ရှားလေ့ရှိသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF) နှင့် နီးစပ်သူများက နစက၏စစ်ကြောင်းများနှင့် အပြန်အလှန်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား လေ့ရှိကြောင်း ပြောကြားသည်။
စစ်ကြောင်းဝင်ရောက်မှုနှင့် ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် နယ်မြေတည်ငြိမ်မှု ရရှိစေရေးအတွက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ စခန်း များအား သွားရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားကြောင်း ပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအများအပြားတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေကာ တိုက်ပွဲများနှင့်အတူ စစ်ကြောင်းဝင်ရောက်မှု၊ ကျေးရွာများ မီးရှို့ခံရမှုကြောင့် ဒေသခံများ မကြာခဏထွက်ပြေတိမ်းရှောင်နေရပြီး ထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု များစွာလည်းရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မောင်ဇော်
ဓါတ်ပုံ- ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးသူများ
ပုံစာ- ယမန်နေ့က ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်များအား တွေ့ရစဉ်။
ဒီပဲယင်းနှင့် ရေဦးအစပ်ရှိ ကျေးရွာများမှ ဒေသခံတစ်သောင်းကျော် ထပ်မံ၍စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်