ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ပို့ကုန်ရငွေဖြေလျှော့ပေးမှုတွင် ဒီဇင်ဘာ ၆ ရက်မတိုင်မီ ဝင်ရောက်ထားသည့် ပို့ကုန်ရငွေများ ပါဝင်ခြင်းမရှိပဲ၊ အဆိုပါရငွေများမှ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်လဲလှယ်ပေးရမည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များသို့ ပို့ကုန်ရငွေများ ဝင်ရောက်သည့်အခါတွင် လဲလှယ်ရမည့် ၃၅ ရာခိုင်နှုန်းခံစားခွင့်သည် ဒီဇင် ဘာ ၆ ရက်နောက်ပိုင်း ဝင်ရောက်သည့်ရငွေများသာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ အမိန့်ကြေညာစာမထွက်ခင် ဝင်ရောက်ထားတဲ့ ပို့ကုန်ဝင်ငွေတွေက အရင်သတ်မှတ်ထားတဲ့ ၅၀/၅၀ နဲ့ပဲသွားရမှာ။ အမိန့်ကြေညာစာထွက်ပြီး ဝင်တဲ့ပို့ကုန်ငွေက ၆၅/၃၅ နဲ့သွားရမှာ။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက အတည်ပြုသည်။
လက်ရှိတွင် ဗဟိုဘဏ်က ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးရန် သတ်မှတ်ထားပြီး၊ ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပဈေးကွက်၌ လွတ်လပ်စွာရောင်းချ ခွင့်ပြုထားကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် အာရှနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ၄၅ ရက်၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအ တွက် ရက်ပေါင်း ၉၀ အတွင်း ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် အသိပေးထားကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီနှင့် ပို့ကုန်ရငွေများ ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများ တွေ့ဆုံခဲ့ပြီး ပို့ကုန်ဝင်ငွေ မဖြစ်မနေပြန်လည်ပေးသွင်းနိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ဒီဇင်ဘာ ၆ ရက်မတိုင်မီ ဝင်ရောက်ထားသည့် ပို့ကုန်ရငွေများမှ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်လဲလှယ်ပေးရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်