ရန်ကုန်၊ နိုဝင်ဘာ ၁၅
ပဲခူးတိုင်း၊ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြားရှိ တံတားပေါ်တွင် ယမန်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယမန်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် (၈၅/၁-၂)ရှိ တံတားအမှတ် (၁၁၆ /A) အနီးတွင် မိုင်းပေါက် ကွဲ၍ တံတားအစွန် ကွန်ကရစ်ခုံ သုံးပေပတ်လည်ခန့် ပျက်စီးခဲ့ပြီး အဆိုပါနေရာအနီးတွင် လက်လုပ်မိုင်းများတွေ့ရှိရကြောင်း သိရသည်။
“ ကွန်ကရစ်ခုံ ပျက်စီးတဲ့အပြင်၊ တံတားပေါ်က သံလမ်းနှစ်ခုကြားမှာ ပလတ်စတစ်ကော်ပုံးနဲ့ ထည့်ထားတဲ့ လက်လုပ်မိုင်းသုံးလုံးနဲ့ တံတားအောက်မှာ လက်လုပ်မိုင်း လေးလုံးကို လည်း တွေ့ရပါတယ်။ သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့တယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပျက်စီးမှုများကို မီးရထားဝန်ထမ်းများက ပြန်လည်ပြုပြင်ခဲ့ပြီး ရထားသွားလာမှု မထိခိုက်သည့် အစုန်လမ်းမှ မီးရထားများအား သွားလာနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်၊ ညပိုင်းကလည်း အဆိုပါ ရန်ကုန်-မန္တလေး ရထားလမ်းပေါ် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား၊ မိုင်တိုင် အမှတ် (၁၀၄/၀-၁)ကြား၊ တံတားအမှတ် (၁၄၆နှင့် ၁၄၇) အနီး၌ ပြေးဆွဲနေသည့် အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နေသော အစုန်လမ်းတို့တွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွား၍ ရထားခရီးစဉ်များအား ခေတ္တရပ်နားခဲ့ရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း ဖြူးမြို့နယ်နှင့် ကညွတ်ကွင်းမြို့ နယ်အကြားရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာ သည့် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ရထားတွဲအချို့ တိမ်းမှောက်၍ သံလမ်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်အတွင်း ပဲခူးတိုင်း၌ ရထားလမ်းများပေါ်တွင် မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ယခုလပိုင်းများအတွင်းတွင် ရထားသံလမ်းများ မိုင်းပေါက်ကွဲ၍ပျက်စီးမှု မကြာခဏဖြစ်နေ၍ လမ်းခရီးနှောင့်နှေးမှုအား ကြုံတွေ့ ရကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – မြန်မာ့မီးရထား
ဒိုက်ဦးနှင့် ပြွန်တန်ဆာဘူတာအကြားရှိ တံတားပေါ်တွင် မိုင်းပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်