ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ဝိုင်ဘီအက်စ် ၈၉ ယာဥ်လိုင်းနှင့် ဝိုင်ဘီအက်စ် ၁၃၃ ယာဥ်လိုင်းတို့ကို ကင်ဆာဆေးရုံတွင် ဆေးကုသသူများ အဆင်ပြေစေရန်ရည်ရွယ်ကာ ဇန်နဝါရီ ၆ ရက်မှစတင်၍ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံရှေ့(ဂိတ်ဖျား)မှ အမျိုးသားကင်ဆာဆေးရုံ(ဒဂုံဆိပ်ကမ်း)အထိ ကင်ဆာရောဂါ ဆေးကုသသူများ အဆင်ပြေစေရန်အတွက် ဝိုင်ဘီအက်စ်ယာဥ်လိုင်းနှစ်လိုင်းကို လမ်းကြောင်းတိုးချဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ် ၈၉ ယာဥ်လိုင်းနဲ့ ဝိုင်ဘီအက်စ် ၁၃၃ ယာဉ်လိုင်းတွေကို ဒဂုံဆိပ်ကမ်း မြို့နယ် ကင်ဆာဆေးရုံအထိ ပြေးဆွဲပေးသွားပါမယ်။ ကင်ဆာဆေးရုံမှာ ဆေးကုသမှုခံယူနေရသူတွေ သွားလို့အဆင်ပြေအောင် စီမံပေးခဲ့တာပါ။ မူလလမ်းကြောင်းကနေ ဆေးရုံးကြီးပတ်ပြီးသွားပါမယ်။ ဒါ့ပြင် ယုဇနဥယျာဉ်အိမ်ရာရောက်ရင် ဒဂုံဆိပ်ကမ်းက အမျိုးသားကင်ဆာဆေးရုံအထိဆွဲမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကင်ဆာဆေးရုံကြီးများတွင် ကင်ဆာရောဂါအတွက် ဓာတ်ကင်သည့်လူနာများ အဆင်ပြေရန် ရွယ်ရွယ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။
အဆိုပါ ဝိုင်ဘီအက်စ် ၈၉ ယာဥ်လိုင်းနှင့် ဝိုင်ဘီအက်စ် ၁၃၃ ယာဥ်လိုင်းများကို မိနစ် ၃၀ ခြား တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် စီးနင်းသည့်ခရီးသည်များအပေါ်မူတည်ပြီး ယာဉ်စီးရေနှင့် အချိန်ပိုတိုးပြေးဆွဲခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောဆိုချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ဒဂုံဆိပ်ကမ်းမြို့နယ် ကင်ဆာဆေးရုံသို့ ဝိုင်ဘီအက်စ်နှစ်လိုင်း လမ်းကြောင်းတိုးချဲ့ပြေးဆွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်