ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရသည့် အသက် ၂၁ အရွယ် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထောင်ထဲတွင် ကွယ်လွန်

ရန်ကုန်၊ စက်တင်ဘာ ၂၆

အင်းစိန်ထောင်အတွင်း၌ ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရသည့် အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကွယ်လွန်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် အလုပ်နှင့်ထောင်ဒဏ် ၂၇ နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်(အားကျယ်) သည် အင်းစိန်ထောင် အတွင်း၌ နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူမှာ ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်မြို့နယ် လူငယ်များသပိတ်‌ကော်မတီမှဖြစ်ပြီး၊ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစတင်ကာ နှလုံးရောဂါခံစားနေရပြီး လုံလောက်သည့် ဆေးဝါးကုသမှုမရရှိသဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅၊ လူသတ်ရန်အားထုတ်မှု ပုဒ်မ ၃၀၇၊ ဖောက်ခွဲရေးပုဒ်မ ၃/၆ နှင့် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀/ဈ တို့ဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

ကိုမင်းဟိန်းခန့်(အားကျယ်) သည် စက်တင်ဘာ ၂၄ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် အင်းစိန်အကျဉ်းထောင်၌ပင် ကွယ်လွန်ခဲ့ပြီး၊ စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သေဆုံးသူနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရသည့် အသက် ၂၁ အရွယ် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထောင်ထဲတွင် ကွယ်လွန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.