ထီးချိုင့်၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော်သေဆုံး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ တိုက်ပွဲကြောင့် ငါးရက်အတွင်း ဒေသခံတစ်ရာကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၂ ရက်အတွင်း ထီးချိုင့်မြို့နယ်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံတစ်ရာကျော် သေဆုံးရခြင်းဟု ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူအရေအတွက်မှာ ရာချီရှိကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိမှန်မှုတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ထီး ချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြည်ပအခြေစိုက်သတင်းဌာနအချို့သို့ ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့ပြင် တိုက်ခိုက်ခံရမှုများကြောင့် ထီးချိုင့်မြို့ရှိ ဝိသာခါ၊ သိုက်ကုန်း၊ တရုတ်တန်း၊ အောင်ဗလ၊ မြို့မစျေး၊ စံပြရပ်ကွက်တို့ အပါအဝင် ရပ်ကွက် ၁၀ ခုထက်မနည်းလည်း ပျက်စီးခဲ့ ကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲအတွင်း ဒေသခံတစ်ရာကျော် သေဆုံးခဲ့မှုနှင့်ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိ သေးပေ။

ထီးချိုင့်မြို့ အခြေအနေနှင့်ပတ်သတ်၍ နစကဘက်မှ ယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်ရာတွင် နိုဝင်ဘာ ၉ ရက်က လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက မြို့နှင့်အနီးပတ်ဝန်းကျင် သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး နိုဝင်ဘာ ၁၂ ရက်က မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ထုတ်ပြန်သော်လည်း တိုက်ပွဲအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ အခြေအနေတော့ မပါဝင်ပေ။

နိုဝင်ဘာ ၇ ရက်တွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ထီးချိုင့်မြို့အနီးရှိ ကောလင်းမြို့အား သိမ်းယူပြီးနောက် နိုဝင်ဘာ ၉ ရက်တွင် ထီးချိုင့်မြို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့ နယ်နှစ်မြို့နယ်၌ နှစ်ဖက်တိုက်ပွဲများ ယနေ့အထိ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပါဝင်၍ ယနေ့အထိ ဒေသခံငါးသောင်းထက်မနည်း မြို့ကိုစွန့်ခွာ၍ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – MOl

ပုံစာ – ထီးချိုင့်မြို့အား တွေ့ရစဉ်။

#ယနေ့ခေတ်

ထီးချိုင့်၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော်သေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.