ရန်ကုန်၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် တန့်ဆည်မြို့တို့တွင် မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီ သူများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ တပ်စခန်းအချို့အား လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ထီးချိုင့်မြို့ပေါ်၌ အပြန်အလှန်ပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပါဝင်ခဲ့ကာ၊ ထီးချိုင့်မြို့၊ အမှတ် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်တို့ရှိ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ မြို့ခံအားလုံးနီးပါးက ပြီးခဲ့တဲ့အပတ်တိုက်ပွဲတွေထဲက စစ်ရှောင်နေကြတာ။ တချို့မြို့ပေါ်မှာ ကျန်ခဲ့တဲ့သူ နည်းနည်းပါးပါးလည်း မနေ့ကတိုက်ပွဲကြောင့် အကုန်ထွက်ပြေးရတယ်။ နေအိမ် ၁၀ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားတယ်။ ဒီမနက်အထိလည်း တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ။” ဟု ဒေသတွင်းရှိ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောသည်။
ယနေ့ နေ့လည်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေကာ ယနေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့၌ နိုဝင်ဘာ ၈ ရက်မှစ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကာ၊ ဒေသခံ ၅၀၀၀ ထက်မနည်း ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထီးချိုင့်မြို့ အခြေအနေနှင့် ပတ်သတ်၍ နစကဘက်မှ နိုဝင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ရာတွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက မြို့နှင့်အနီးပတ်ဝန်းကျင်သို့ အင်အားအလုံး အရင်းဖြင့် ဝင်ရောက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး၊ နိုဝင်ဘာ ၁၂ ရက်က မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ယနေ့အထိ မြို့ပေါ် နှင့် အနီးဝန်းကျင်နေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ယမန်နေ့ နံနက်အစောပိုင်းမှစတင်၍ လက်နက်ကိုင်ပူးပေါင်းအဖွဲ့က တန့်ဆည်မြို့ပေါ်ရှိ တပ်စခန်းအချို့အား တိုက်ခိုက်ရာမှ မြို့တွင်း၌ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့ပေါ် တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀၀ ထက်မနည်းမှာ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကာ ယနေ့ နံနက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိနေကြောင်း သိရသည်။
နှစ်ရက်ကြာတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ယနေ့ နေ့လည်အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့က မြို့ကိုထိန်းချုပ်နိုင်ရန် တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိနေကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက်တွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ကောလင်းမြို့အား သိမ်းယူပြီးနောက် ကောလင်းမြို့နှင့် အနီးတဝိုက်မြို့များတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဟု ဒေသတွင်း သတင်းများအရ သိရသည်။
ကောလင်းမြို့နှင့်အနီးရှိ ထီးချိုင့်မြို့နှင့် တန့်ဆည်မြို့တို့၌ ယခုရက်ပိုင်းတွင် မြို့ပေါ်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပါ ပါဝင်၍ အဆိုပါ မြို့နယ် သုံးမြို့နယ်မှ ဒေသခံ သုံးသောင်းထက်မနည်းမှာ မြို့ကိုစွန့်ခွာ၍ ဘေးလွတ်ရာတွင် ယနေ့အထိ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – ဒေသတွင်းစစ်ရှောင်ကူညီသူများ
ပုံစာ – တိုက်ပွဲကြောင့် ပျက်စီးသွားသော ထီးချိုင့်မြို့တွင်းအား ယခုရက်ပိုင်း၌ တွေ့ရစဉ်။
ထီးချိုင့်နှင့် တန့်ဆည်၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံသောင်းချီ၍ စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်