ထို့ကော်ကိုးလမ်း၌ လမ်းကြေးအဆမတန်ပေးရပြီး သွားလာရေးအဆင်မပြေ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရန်ကုန်ဘက်သို့ ဖြတ်သန်းသွားလာနေသည့် အာရှလမ်းမှာ ပိတ်ထားသဖြင့် ထို့ကော်ကိုးလမ်းအား အသုံးပြုသွားလာနေရသည်မှာ လနှင့်ချီကာကြာမြင့်နေပြီဖြစ်သည်။

ထိုလမ်းပိုင်းမှာ ယခုနောက်ပိုင်း လမ်းကြေးပေးဆောင်ရမှု အဆမတန်များလာပြီး ဂိတ်များလည်းများပြားလာသဖြင့် ယာဥ်မောင်များအခက်တွေ့လာရ​သည်ဟု ဆိုကြသည်။

“ ခရီးအရှည်က ၅၃ မိုင်၊ တစ်ညအိပ်ရတယ်။ တခါတလေ နှစ်ရက်လောက်ကားပိတ်တတ်တယ်။ ကားလေးလမ်းကြေး တစ်သိန်းနီးပါး။ ​ကားကြီး ၆/၇ သိန်းပဲ၊ကြိုက်တာတင် ကတ္တားမရှိဘူး။ ပစ္စည်းမစစ်ဘူး။ ဒေါနတောင်ကိုဖြတ်တဲ့ ထိုးကော်ကိုးလမ်းမှာပါ။” ဟု ယာဥ်မောင်းတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ်ရှိ မြို့နယ်အချို့၌ တိုက်ပွဲများဖြစ်နေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းအနီး၌လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းများအား ပိတ်ထားရပြီး၊ ကုန်သွယ်ရေးလမ်းကြာင်း မပြတ်တောက်စေဖို့ ကုန်ကားအသေးများနှင့် ခရီးသည်တင်ကားများကို ထို့ကော်ကိုး တောင်တက်လမ်းမှ ပြောင်းလဲအသုံးပြုလာကြခြင်းကြောင့် လမ်းများပျက်စီးလာပြီး သွားလာရေးများခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။

“ ဂိတ်တွေလည်းများလာသလို ၁၀၊ ၁၂ ဘီးတွေက ညဉ်နက်မှအတွဲလိုက်လမ်းကြောင်းနဲ့ တတ်တာပါ။ တန်းစီကားတွေအကုန် ဘေးကပ်ပေးရပါတယ်။ အဲ့လိုတွေမှာ လမ်းကပိုပျက်တယ်။ တချို့ကုန်နဲ့ ဝိတ်မနိုင်လို့ လဲတာတွေရှိတယ်။ အဲ့အခါကြတော့ လမ်းတွေပိတ်ကုန်ပြီး ပိုကြာတယ်။” ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်း၌ ၁၀ ဘီးနှင့် ၁၂ ဘီးကားကြီးများကို သွားလာခွင့်မပြုတော့ပဲ အိမ်စီးကားသေးမှစ၍ ၆ ဘီးကားများအထိသာ ကုန်ပစ္စည်းများသယ်ဆောင်သွားလာခွင့်ပေးကြောင်း ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်း၌ တန်ချိန်စစ်ဆေးနိုင်ဖို့ ကတ္တားထားရှိရန် စီစဉ်နေပြီး၊ တန်ပိုတင်ဆောင်ခြင်းများကြောင့် ယာဥ်တိမ်မှောက်ခြင်းကိုလည်း ထိန်းသိမ်နိုင်မည်ဖြစ်ကြောင်း ယာဥ်မောင်းအချို့က ဆိုသည်။

“ အခုကတ္တားလုပ်လာပြီ၊ စည်းကမ်းမရှိတဲ့ကားသမားတွေ သတိထားရပြီ၊ အဆမတန်တင်လို့ ကားတွေ့နေ့စဥ်မှောက်တာရယ်၊ မရုန်းနိုင်တာရယ် လမ်းမှာအမျိုးမျိုးမြင်နေရတယ်။ တစ်နေ့ကိုအနည်းဆုံး ၇ စီး၊ ၈ စီးတော့ပျက်တာပဲ။” ဟု မော်လမြိုင်-မြဝတီပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှစ၍ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ မြဝတီ-အာရှလမ်းတစ်လျှောက် သွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

အာရှလမ်းအသုံးရန်ခက်ခဲသဖြင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ လူစီးယာဥ်များနှင့် ပစ္စည်းသယ်ယာဥ်ငယ်အချို့က မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်လမ်းဟောင်း ထို့ကော်ကိုးလမ်းအား အစားထိုးအသုံးပြုနေရကာ အဆိုပါလမ်းဟောင်းမှာ ကျဥ်းမြောင်းပြီး ယာဥ်ငယ်များသာ သွားလာနိုင်သည့်အပြင် ယာဥ်ကြောကြပ်မှုနှင့် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ ယနေ့ချိန်အထိ တစ်ရက်ဆင်း၊ တစ်ရက်တက်စနစ်အားအသုံးပြုကာ သွားလာနေရကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ထို့ကော်ကိုးလမ်း၌ လမ်းကြေးအဆမတန်ပေးရပြီး သွားလာရေးအဆင်မပြေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.