ရန်ကုန်၊ မတ် ၉
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်၊ သင်္ဃန်းညီနောင်ရွာအနီး၌ ယမန်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
အဆိုပါတိုက်ပွဲများကြောင့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး၊ စိုးရိမ်မှုများရှိနေကြောင်း ယာဉ်မောင်းများ၏ပြောပြချက်အရ သိရသည်။
“ အခက်အခဲတွေကအများကြီးရှိတာပေါ့။ တိုက်ပွဲဖြစ်နေတဲ့အချိန်သွားရတာ ပိုဆိုးတယ်။ ကိုယ်တွေအတွက် အသက်အန္တရာယ်ရှိတယ်။ အခုချိန်က ပိုဆိုးတာပေါ့။ ကျီးလန့်စာစားသွားနေရတာပဲ။” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နယ်စပ်ကုန်သွယ်မှုအနေဖြင့် အာရှလမ်းပိုင်းပိတ်ပြီးနောက်ပိုင်း ထို့ကော်ကိုးလမ်းကြောင်းမှတစ်ဆင့် ထိုင်းဘက်သို့ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ အင်းဟုတ်တယ်။ ဒါပေမယ့် အာရှလမ်းပိုင်းပိတ်ပြီးနောက်ပိုင်း ထို့ကော်ကိုးလမ်းကြောင်းကနေ ပို့ကြတာဆိုတော့ ပိတ်မိတာမျိုးမရှိဘူး။ ပိတ်မိရင်လည်း အနည်းအကျဉ်းလောက်ပဲရှိမှာ။ မြဝတီအဝင်ဝမှာဖြစ်တာဆိုပေမယ့် လမ်းခွဲတွေကအများကြီးရှိတယ်။ တိုက်ပွဲတွေဖြစ်နေတော့ သွားလာရတာ အန္တရာယ်အရမ်းများတာပေါ့။” ဟု မြဝတီကုန်သွယ်ရေးဇုန်မှ မဇင်မီက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြဝတီကုန်သွယ်ရေးဇုန်သို့သွားသည့် ကုန်ကားများသည် လမ်းကြောင်းပြောင်းလဲ၍ ကုန်စည်စီးဆင်းမှုကို ဆောင်ရွက်နေရကြောင်း သိရသည်။
ထိုသို့ လမ်းကြောင်းပြောင်းလဲတင်ပို့မှုကြောင့် ယခင်ထက် အချိန်ပိုမိုကြာမြင့်ပြီး ကုန်ကျစရိတ်လည်း နှစ်ဆခန့်ပိုမိုမြင့်တက်လာကြောင်း သိရသည်။
ထိုင်းဘက်မှမြန်မာသို့ CMP (ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သည့် လက်ခစားစနစ်) လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း စသည်တို့တင်သွင်းပြီး၊ မြန်မာဘက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်စိမ်းများ၊ ရော်ဘာ၊ ရေထွက်ကုန်များ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တိုက်ပွဲများကြောင့် ကုန်တင်ယာဉ်မောင်းများ အခက်ကြုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်