ထိုင်း၌ တရားမဝင်နေထိုင်သူ မြန်မာအမျိုးသမီးထံမှ M- 16 ကျည်ခွံ ၉၂၀ နှင့် ကျည်ကတ်များ ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ ဆန်ခလာဘူရီခရိုင်အတွင်း စက်တင်ဘာ ၁၆ ရက်က တရားမဝင်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးထံမှ M-16 ကျည်ခွံ ၉၂၀ ခု၊ M-16 ကျည်ထည့် ထားသည့် ကျည်ကတ် ၂၄ ခုနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့ကြောင်း ယမန်နေ့က ဘန်ကောက်ပို့စ်သတင်းဌာနမှ သတင်းဖော်ပြထားချက်အရ သိရသည်။

ဆန်ခလာဘူရီခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ပုဂ္ဂလိကပိုင် ပစ္စည်းပို့ဆောင်သည့် ကုမ္ပဏီတစ်ခုသို့ ကျည်ဆံများဟု ယူဆရသည့် ပါဆယ်တစ်ထုတ် ရောက်ရှိနေကြောင်း ကုမ္ပဏီဝန် ထမ်းတစ်ဦးက ထိုင်းရဲတပ်ဖွဲ့သို့ သတင်းပေးပို့ရာမှ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဆယ်ထုတ်မှာ ထိုကျေးရွာရှိ အမျိုးသမီးတစ်ဦးထံသို့ ချွန်ဘူရီပြည် နယ်မှ ပေးပို့လိုက်သည့် ပါဆယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တာဝန် ရှိသူများက ကုမ္ပဏီဝန်ထမ်းနှင့်အတူ ပါဆယ်ထုတ်ယူဆောင်ကာ ထိုအမျိုးသမီးအား နေအိမ်အနီး သွားရောက်စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ကြည့်နေစဉ် အဆိုပါအမျိုးသမီးသည် ထိုနေ့ည ၇ နာရီခန့်တွင် အိမ်အတွင်းမှထွက်လာကာ ပါဆယ်အား ယူဆောင်စဉ် ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ခြင်းဟု သတင်းဖော်ပြချက် အရ သိရသည်။

အဆိုပါ အမျိုးသမီးအား ဖမ်းဆီး၍စစ်ဆေးရာ သူမမှာ မြန်မာနိုင်ငံမှလာရောက်သူ မွန်လူမျိုးတစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကြာ တရားမဝင်နေထိုင်သူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု သိရသည်။

သူမက ယခုလက်ခံရရှိသော ပါဆယ်ထုတ်မှာ ၎င်း၏ပါဆယ်ထုပ် မဟုတ်ကြောင်း၊ အိမ်ရှေ့တွင် ပါဆယ်တစ်ထုတ် ရောက်ရှိနေကြောင်း တွေ့ရှိသောကြောင့် ထွက်ကြည့်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် သူမကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကနဦးအနေဖြင့် နိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်း ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့် ထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောကြားသည်ဟု ဘန်ကောက်ပို့စ်မှ သတင်းရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ကားဖြင့်သွားပါက ၄၅ မိနစ်ခန့် သွားရသည့် မဲ့ကဆာကျေးရွာရှိ နေအိမ်တစ်လုံးတွင် ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားများမှာ တရားမဝင် ဒရုန်းများတပ်ဆင်ထုတ်လုပ်နေကြောင်း ကျေးရွာအတွင်းနေထိုင်သူများ၏ သတင်းပေးချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက ဝင်ရောက်စစ်ဆေးရာ အမျိုးသမီးများအပါဝင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်အား နည်းပညာမြင့် ဒရုန်းများ၊ လက်လုပ်ဒရုန်းများနှင့် ပရင်တာများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း ဒေသခံထိုင်းနိုင်ငံသားများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားချက်အရ သိရသည်။

မောင်ဇော်

Photo – Bangkok post

#ယနေ့ခေတ်

ထိုင်း၌ တရားမဝင်နေထိုင်သူ မြန်မာအမျိုးသမီးထံမှ M- 16 ကျည်ခွံ ၉၂၀ နှင့် ကျည်ကတ်များ ဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.