ရန်ကုန်၊ ဇန်နဝါရီ ၁၀
ပြည်တွင်း၌ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ရောင်းချထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ရရှိထားကာ၊ ပို့ကုန်တင်ပို့မှု များထဲမှ ဒုတိယအများဆုံး ပို့ကုန်ဝင်ငွေရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
“ အရင်လတွေနဲ့ ယှဉ်ရင်တော့ သဘာဝဓာတ်ငွေ့တင်ပို့မှုက ပိုတိုးလာတယ်လို့ ပြောလို့ရတယ်။ ပြည်တွင်းမှာသာ သုံးစွဲမှုမလောက်ရင် မလောက်မယ်။ ပြည်ပကိုပို့တာကျတော့ မ လျော့သွားဘူး။ ဘာလို့ဆိုတော့ သူကဝင်ငွေအများဆုံးရတာလေ။ နိုင်ငံရဲ့ အဓိကဝင်ငွေရလမ်းပေါက်က ဒီဟာပဲရှိတာ။” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
သဘာဝဓာတ်ငွေ့ကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကာ ရတနာ၊ ရဲတံခွန်၊ရွှေနှင့် ဇော်တိကစီမံကိန်းတို့မှ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။
သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကိန်းဂဏန်းအချက်အလက်များအရ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု တိုးလာသော်လည်း ကမ္ဘာ့ ဘဏ်အစီရင်ခံစာအရ ခိုအောင်းသဘာဝဓာတ်ငွေ့ပမာဏ လျော့နည်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအသစ် မရှိတော့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ အကျဘက် ရောက်နေပြီဖြစ်ကြောင်း စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံပိုင် MOGE နှင့် ပတ်သက်သော ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်မှစ၍ တားမြစ်ထားပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုပေးခွင့်ရှိ မည် မဟုတ်ကြောင်း၊ အဆိုပါ တားမြစ်ချက်တွင် ချေးငွေ၊ ငွေစာရင်း၊ အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုအပြင် အခြားငွေကြေးဝန်ဆောင်မှုများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း အသိပေး ထားသည်။
ဓာတ်ပုံ – PTTEP
ထိုင်း၊တရုတ်နှင့် ဂျပန်နိုင်ငံကို သဘာဝဓာတ်ငွေ့ အများဆုံးတင်ပို့ရောင်းချထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်