ရန်ကုန်၊ ဇန်နဝါရီ ၈
လာမည့် ဖေဖော်ဝါရီလမှစတင်၍ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်စနစ်ဖြင့် ပြောင်းများတင်ပို့မည်ဖြစ်ပြီး ယခုနှစ်တွင် တင်ပို့မှုအရှိန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ မကြာခင် အခွန်ကင်းလွတ်ခွင့်စနစ်နဲ့ ထိုင်းကို ပြောင်းဆံတွေ တင်ပို့ဖို့လုပ်နေပြီ။ ယခင်တင်ပို့နေတဲ့ ပမာဏထက် ပိုပြီးတင်ပို့နိုင်ဖို့ ခန့်မှန်းထားတယ်။ ဇန်နဝါရီလကနေ ဧပြီလအ တွင်းမှာ ပြည်ပဈေးကွက်ကို ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင်လောက် ရောင်းချနိုင်မယ်လို့ မှန်းထားတယ်။ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ ပို့ချိန်ဆိုရင် ပြောင်းဆံတွေက ဈေး ကောင်းရတယ်။ သူ့ကာလပြီးရင်တော့ ဈေးကျသွားတာပေါ့။ ကုန်သည်အများစုကလည်း အဲဒီချိန်ကိုပဲ တင်ပို့ကြတာများတယ်။” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ပြောင်းများကို နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းတင်ပို့မှုကာလအတွင်း ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ပြည်ပဈေးကွက်သို့ ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင်အထိ တင်ပို့ရောင်းချနိုင်ရန် ၎င်းတို့အသင်းအနေဖြင့် မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြား ထွက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုအနေဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံကို နယ် စပ်ကုန်သွယ်ရေးစခန်းများမှတဆင့်တင်ပို့ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နှင့်အာဖရိကတို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – CJ
ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှု အရှိန်တိုးမြှင့်ဆောင်ရွက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်