ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကိုပြန်ရောက်

ဘန်ကောက်၊ ဩဂုတ် ၂၂

၂၀၀၆ ခုနှစ်တွင် စစ်အာဏာအသိမ်းခံရကာ အကျင့်ပျက်လာဘ်စားမှု စွဲချက်များတင်ခံရပြီးနောက် ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့သော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သောရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း သြဂုတ် ၂၂ ရက်နေ့တွင် မိခင်နိုင်ငံကို ပြန်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်ပြေးအဖြစ် ပြည်ပတွင် ၁၇ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသောသက်ဆင်သည် သြဂုတ် ၂၂ ရက်၊ နံနက် ၉ နာရီတွင် ကိုယ်ပိုင်လေယာဉ်နှင့် ဒွန်းမောင်းလေဆိပ်ကို ရောက်လာခဲ့ပြီး ထိုင်းဝန်ကြီးချုပ်လောင်း ပီတွန်တန် ရှင်နာဝါထရာ အပါအဝင် သားသမီးသုံးဦး၊ နိုင်ငံရေးသမားများနှင့် ရှပ်နီအုပ်စုများက လေဆိပ်မှာလာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

သက်ဆင်သည် လေဆိပ်ကိုရောက်ရှိလာခဲ့ပြီးနောက် လေဆိပ်အတွင်းရှိ ထိုင်းဘုရင်နှင့် မိဖိုရားရုပ်ပုံများကို လေးစားကြောင်းပြသရန်အတွက် ဂါရဝပြုကန့်တောခဲ့ကြောင်း ထိုင်းမီဒီ ယာများကဖော်ပြထားသည်။

သက်ဆင်သည် မီဒီယာသမားများအပြင် ဆွေးမျိုးများနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ အကျဉ်းထောင်ကို ခေါ်ဆောင်သွားခံရဖွယ်ရှိနေကြောင်း သိရသည်။

သက်ဆင်သည်၂၀၀၆ ခုနှစ်၊ စက်တက်ဘာ ၁၉ ရက်နေ့တွင် စစ်အာဏာအသိမ်းခံရပြီး အကျင့်ပျက်လာဘ်စားမှုများဖြင့် စွဲချက်တင်ခံရကာ ပြစ်ဒဏ်မခံလိုသည့်အတွက်၂၀၀၈ ခုနှစ် တွင် ပြည်ပကိုထွက်ပြေးခဲ့ကြောင်း သိရသည်။

သက်ဆင်သည် စစ်အာဏာသိမ်းခံရပြီးနောက် စွဲဆိုထားသော အကျင့်ပျက်လာဘ်စားမှု ၄ မှုအတွက် အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံထား ရသူဖြစ်ကြောင်း သိရသည်။

သက်ဆင်သည် သားသမီး၊ မြေးများနှင့်အတူ နေထိုင်ခွင့်ရလိုသည့်အတွက် ထိုင်းနိုင်ငံသို့ပြန်လာမည်ဟု ယခုနှစ်အစောပိုင်းတည်းက သတင်းများထွက်ပေါ် ခဲ့သော်လည်း ပြန်မ လာဖြစ်ခဲ့ဘဲ သြဂုတ် ၂၂ ရက်နေ့မှ ပြန်လာခဲ့ခြင်းဖြစ်သည်။

သက်ဆင်သည် ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားခွင့်ရှိသူဖြစ်ပြီး ထောင်ထဲတွင် အခြားအကျဉ်းသားများနှင့်မတူဘဲ အထူးအခွင့်ရေးရဖွယ်ရှိနေသည်။

ကောင်းထက်ငွေ

nationthailand.com

#ယနေ့ခေတ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကိုပြန်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.