ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လာမည့်ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွှတ်မြောက်လာဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းတရားရုံးရေးဝန်ကြီး Tawee Sodsong က လာမည့်ရက်ပိုင်းအတွင်း အကျဉ်းသား ၉၃၀ ကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ ထိုင်းအကျဉ်းဦးစီးဌာနဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လူစာရင်းကိုတင်ပြခဲ့တယ်။ အဲဒီတင်ပြခဲ့သူတွေ လူပေါင်း ၉၄၅ ဦးထဲက လူပေါင်း ၉၃၀ ကို လွှတ်မြောက်ခွင့်ပေးမှာပါ ၊အဲဒီလူစာရင်းထဲမှာ အသက် ၇၀ အရွယ်ရှိတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ ပါဝင်ပါတယ်။” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများအပြင် အခြားစွဲချက်များကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့သောနှစ်တွင် ၎င်းတည်ထောင်ထားသော ဖြူထိုင်းပါတီအနိုင်ရပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာခဲ့ရာ ၎င်းအပေါ်ချမှတ်ထားသော ပြစ်ဒဏ်များကို ခံယူခဲ့ကြောင်း သိရသည်။
သက်ဆင်သည် အကျဉ်းထောင်သို့ ပို့ဆောင်ခံရသောပထမဆုံးညတွင် ကျန်းမာရေးထိခိုက်ခဲ့သည့်အတွက် အကျဉ်းထောင်မှ ရဲတပ်ဖွဲ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
သက်ဆင်ကို ဆန့်ကျင့်သူအုပ်စုများက သက်ဆင်ကို ထိုင်းရဲတပ်ဖွဲ့ဆေးရုံတွင် လပေါင်းများစွာကြာ တက်ရောက်ခွင့်ပေးခဲ့ခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ကာ ဆန္ဒပြခဲ့ကြောင်းသိရ သည်။
သက်ဆင်၏မိသားစုဝင်များသည် လက်ရှိအချိန်တွင် သက်ဆင်ပြန်လာချိန်တွင် နေထိုင်မည့်အိမ်ကို ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ထိုင်းတရားရေးဝန်ကြီးက “ သက်ဆင်ဟာ အသက် ၇၀ နှစ်နဲ့အထက် ဒါမှမဟုတ် ကျန်းမာရေးမကောင်းတဲ့အုပ်စုတွေထဲ ပါဝင်တယ်။ သက်ဆင်ဟာ လာမယ့်ရက်ပိုင်းအတွင်းပြန် လည်လွှတ်မြောက်လာဖွယ်ရှိပါတယ်။” ဟု ပြောသည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အာဏာသိမ်းခံရသော ထိုင်းဝန်ကြီးချုပ်တစ်ဦးဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
thaipbsworld.com
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လာမည့်ရက်ပိုင်းအတွင်း ပြန်လွှတ်မြောက်ဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်